ဗီယင်ကျန်း ဇန်နဝါရီ ၂၇
လာအိုနိုင်ငံအတွင်း အမျိုးသမီးများနှင့် ကလေးငယ်များကြားတွင် သွေးအားနည်းရောဂါဖြစ်ပွားမှုများကို တားဆီးကာကွယ်ရန်နှင့်လျှော့ချရန် ရည်ရွယ်သည့် အစီအစဉ်များနှင့် လမ်းညွှန်ချက်များကို ဆွေးနွေးရန် ကျန်းမာရေးဝန်ကြီးဌာနက အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးကို နိုင်ငံ၏မြို့တော် ဗီယင်ကျန်း၌ ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း ဇန်နဝါရီ ၂၇ ရက်က ဒေသတွင်း Pasaxon သတင်းစာတွင် ဖော်ပြထားသည်။
သွေးအားနည်းရောဂါမှာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာကြီး တစ်ရပ်အဖြစ် ဆက်လက်ရှိနေကြောင်း၊ အထူးသဖြင့် ကလေးငယ်များ၊ အရွယ်ရောက်စ မိန်းကလေးငယ်များ၊ ကလေးမွေးဖွားနိုင်သည့်အရွယ် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးစ မိခင်များကြားတွင်ဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးမြှင့်တင်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ကက်ကဆုန် ဖရာစီဆုမ်ဘတ်က အစည်းအဝေးတွင် ပြောကြားသည်။
လာအိုနိုင်ငံ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များမှာ သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုရယူရန် အကန့်အသတ်ရှိသော ကျေးလက်ဒေသများတွင် နေထိုင်သူများမှာ ဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း သိရသည်။
ဆင်ဟွာ


