ဗီယင်ကျန်း ဇွန် ၂၃
လာအိုနိုင်ငံ ပညာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပညာရေး၏တန်ဖိုးကို မြှင့်တင်ရန်၊ ကျောင်းထွက်နှုန်း လျှော့ချရန်နှင့် နိုင်ငံတစ်ဝန်း အခြေခံပညာ သင်ကြားခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် လှုံ့ဆော်မှုအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်မည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
ဇွန် ၂၃ ရက်မှ စတင်ကာ လေးရက်ကြာအစည်းအဝေးတွင် ကျောင်းတက်ရခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်မည့် ပညာရေးသည် လူမှုဘဝအတွက်ရော လုပ်ငန်းခွင်အတွက်ပါ အခြေခံ အုတ်မြစ်ဖြစ်ကြောင်း လာအိုပြည်သူများနားလည်ပြီး လက်ခံလာအောင် တိုက်တွန်းနှိုးဆော်နိုင်မည့် ဗီဒီယိုတစ်ခု ဖန်တီးနိုင်ရန် ဇာတ်ညွှန်းရေးသားခြင်းနှင့် ပုံပြောခြင်းတို့ကို အဓိကထားဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသည် စီးပွားရေးကျပ်တည်းခြင်းနှင့် ပညာရေးတန်ဖိုးအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းတို့ကြောင့် ကျောင်းထွက်နှုန်း မြင့်မားလာခြင်းကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း Vientiane Mai သတင်းစာ၌ ဇွန် ၂၃ ရက်တွင် ဖော်ပြထား သည်။
လှုံ့ဆော်မှုအစီအစဉ်တွင် ပြည်သူလူထု၏ သဘောထားအမြင်များကို ပြောင်းလဲပေးနိုင်ရန် ပုံဖော် ထားသော ဗီဒီယိုအတိုများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဗီဒီယိုအတိုများကို နိုင်ငံပိုင်ရုပ်မြင် သံကြားတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်တွင် မျှဝေသွားမည်ဖြစ်ကြောင်းနှင့် လူထုအသိပညာပေးကြိုးပမ်းအားထုတ်မှုများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ