ဗီယင်ကျန်း   ဖေဖော်ဝါရီ   ၂၃

လာအိုနိုင်ငံတွင် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးအတွက် စီမံချက်ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံအတွင်း ကျန်းမာသန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်ကို တည်ထောင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုဆောင်ရွက်မည့်    လုပ်ငန်းစီမံချက်အရ  နိုင်ငံအတွင်း  ၂၀၂၅ ခုနှစ်မှ  ၂၀၃၁  ခုနှစ်အထိ  ကာလအတွင်း လေထုညစ်ညမ်းမှုစောင့်ကြည့်ထိန်းချုပ်ရေးနှင့်   စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် ဒေသများတွင် ဆောင်ရွက်မည်ဖြစ်ပြီး သဘာဝဘေးကျရောက်သည့် ကာလများတွင်လည်း   အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံ  အီကော နောမစ်ဒေးလီးသတင်းစာ၏ ဖေဖော်ဝါရီ ၂၃ ရက် သတင်း ထုတ်ပြန်ချက်အရသိရသည်။ 

နိုင်ငံအတွင်းရှိ အိမ်ထောင်စုများက  နေ့စဉ် အမှိုက်တန်ချိန် ၆၉၀၀ ကို စွန့်ထုတ်နေကြပြီး ၎င်းကဲ့သို့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားနေကာ ဒေသခံများအတွက် ကျန်းမာရေးထိခိုက်မှုများရှိကြောင်း သိရသည်။  ယခုဆောင်ရွက်မည့် စီမံချက်တွင်မြို့တော် ဗီယင်ကျန်းအပါအဝင် ဒေသများတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးကဏ္ဍအတွက် ရန်ပုံငွေမြှင့်တင်ပေးခြင်းနှင့် အမှိုက်စွန့်ပစ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ 

ယခုစီမံချက်အရ စွန့်ပစ်ပစ္စည်းများကို စနစ်တကျကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ဒေသခံများအတွက် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ