စက်တင်ဘာ ၁၉
လာအိုနိုင်ငံတွင်မုန်တိုင်းများတိုက်ခတ်မှုဖြစ်ပွားပြီး အဆက်မပြတ်သည်းထန်စွာရွာသွန်းသောမိုးကြောင့် နိုင်ငံတစ်ဝန်း ပြည်နယ် ၁၅ ခုရှိ ပြည်သူ ၁၇၆၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
နိုင်ငံအတွင်းနေရာအများအပြားတွင် ဇူလိုင်လ ၁၈ ရက်နေ့နောက်ပိုင်း အပူပိုင်းမုန်တိုင်း၊ ပရာပီရွန်မုန်တိုင်းနှင့် တိုင်ဖွန်းမုန်တိုင်းရာဂီတို့ တိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် ခရိုင် ၁၀၀၊ ကျေးရွာ ၁၁၄၄ ရွာနှင့် အိမ်ထောင်စု ၄၅၆၆၁ တို့ မုန်တိုင်းဒဏ်ခံရသည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေဟက်တာ ၁၃၀၀၀ ကျော်၊ လမ်း ၂၆၂၊ တံတး ၁၂ စင်းနှင့် ဆည်မြောင်းစနစ် ၈၇ ခု၊ ရေပေးဝေမှုစနစ် ၃၀ ခု၊ ငါးကန် ၃၃၄ ကန် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်နှင့် မွေးမြူရေးကြက်ငှက်ကောင်ရေ ၁၃၄၇၈ ကောင်အပါအဝင် မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။
ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ငါးဦးထက်မနည်းသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် နေအိမ်အလုံးပေါင်း ၁၆၉ လုံး ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၂ စုကို ယာယီရွှေ့ပြောင်းပေးထားကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယမန်နေ့ကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို