တာချီလိတ်        ဇွန်       ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ဇွန် ၁၇ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ မိန်းမောဆိပ်ကမ်းမှ တစ်ဆင့် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

 

အဆိုပါ လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၁၄၉ ဦး၊ အမျိုးသမီး ၄၀ စုစုပေါင်း ၁၈၉ ဦးတို့အား ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်၏ ကူညီစောင့်ရှောက်မှု ဖြင့် တာချီလိတ် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နေရပ်ဒေသ အသီးသီးသို့ ပြန်လိုကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ကြိုဆိုလက်ခံ ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြကာ ထိုနေရပ်ပြန် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမားရေးဆိုင်ရာ စစ်ဆေးမှုများအနေဖြင့် RDT Test Kit များဖြင့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ဟောင်လိတ်ရပ်ကွက်ရှိ စံလင်းဖြိုး Quarantine Center တွင် ခုနစ်ရက်ခန့် ထားရှိကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသူများအား စံလင်းဖြိုး Quarantine Center ၌ သုံးရက်ခန့် ထားရှိကာ ဒုတိယနှင့် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသူများအား ၎င်းတို့၏ နေရပ်ဒေသများဖြစ်သည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက မော်တော်ယာဉ်များ စီစဉ်ပေး၍ ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်ယော်(တာချီလိတ်)