နိုဝင်ဘာ ၂၈
လာအိုနိုင်ငံသို့ ယခုနှစ်ပထမ ၁၀ လအတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၃ သန်း လာရောက်လည်ပတ်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလကနိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၁၉ ရာခိုင်နှုန်းပိုမိုများပြားကြောင်း ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအတွင်း လာအိုနိုင်ငံသို့ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဖော်ပြထားသည်။
၂၀၂၄ခုနှစ်လာအိုခရီးသွားနှစ်အတွင်း ခရီးသွားအရေအတွက်ပိုမိုများပြားလာစေရန် လာအိုအစိုးရက အချို့သောနိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပြုခြင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးခြင်းတို့ခွင့်ပြုပေး ခဲ့သည်။
၂၀၂၄ ခုနှစ် လာအိုခရီးသွားနှစ်လှုပ်ရှားဆောင်ရွက်မှုအောက်တွင် ခရီးသွားလုပ်ငန်းအာဏာပိုင်များနှင့် လုပ်ငန်းရှင်များသည် ဟိုတည်များ၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များ၏ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့ကြသည်။
လာအိုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အစိုးရအဖွဲ့သည် လူ့အဖွဲ့အစည်းကဏ္ဍအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီးခရီးသွားလုပ်ငန်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို