လာအိုနိုင်ငံသို့ ယခုနှစ်ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၁ သန်းကျော် ဝင်ရောက်

မေ ၁၅

လာအိုနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၁ သန်းကျော် ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု ၃၆ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။ ထိုင်းနိုင်ငံမှခရီးသွားဝင်ရောက်သူ ၃၄၇၅၉၃ ဦးရှိရာ ခရီးသွားဝင်ရောက်မှုအရေအတွက် အများဆုံးဖြစ်သည်။  ထိုင်းနိုင်ငံပြီးလျှင် ဗီယက်နမ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုအရေအတွက် ၂၆၄၇၁၀၊ တရုတ်နိုင်ငံမှခရီးသွား ၂၄၂၄၀၄ ဦး ဝင်ရောက်မှုရှိသည်ဟု လာအိုရုပ်သံလွှင့်ဌာနက ယနေ့တွင်ထုတ်လွှင့်ပြသခဲ့သည်။ တရုတ်-လာအို ရထားလမ်းကိုအသုံးပြုပြီး ခရီးသွားဝင်ရောက်မှုအရေအတွက် ပိုမိုများပြားသည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် လာအိုခရီးသွားနှစ်အဖြစ် အဆင့်မြှင့်တင် လှုပ်ရှားဆောင်ရွက်မှုအောက်တွင်  ခရီးသွားလုပ်ငန်းအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ခရီးသွားများ သွားလာလည်ပတ်ရာနေရာများ၌ ဟိုတယ်များ၊ နားခိုဆောင်များနှင့် စားသောက်ဆိုင်များတွင် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ လာအို သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ၂ ဒသမ ၂ သန်းနှင့် နိုင်ငံခြားခရီးသွား ၄ သန်းခန့် ဆွဲဆောင်သွားရန်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ဝင်ငွေရရှိရန် မျှော်မှန်းထားသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို