လာအိုနိုင်ငံတွင် မိုးရေချိန်နည်းပါးပြီး အပူချိန်မြင့်မားမှုကြောင့် ကောက်ပဲသီးနှံများပျက်စီး

၂၄ ဇူလိုင်

လာအိုနိုင်ငံတစ်ဝှမ်းလုံး မိုးရေချိန်နည်းပါးပြီး အပူချိန်မြင့်မားခြင်းတို့ကြောင့် လယ်သမားများ၏ ကောက်ပဲသီးနှံများ ပျက်စီးခဲ့ကြောင်း ဒေသန္တရ ဗီယင်ကျန်းတိုင်းမ်နေ့စဉ်သတင်းစာက ယနေ့ဖော်ပြခဲ့သည်။

မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် စပါးစိုက်ပျိုးမြေ ဟက်တာ ရှစ်သိန်းတွင် ဆန်စပါးစိုက်ပျိုးမှု ရွှေ့ဆိုင်းခဲ့ရာ ၄၀ ရာခိုင်နှုန်းသာ ပြီးစီးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဒုတိယဝန်ကြီး ဘွန်ခေါင် ခမ်ဘွန်ဟောင် က ပြောကြားခဲ့သည်။ သို့ရာတွင် ကောက်ပဲသီးနှံပျက်စီးခြင်းနှင့် ပတ်သက်ပြီး ပျက်စီးမှုကိန်းဂဏန်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

၎င်းဝန်ကြီးဌာနမှ အကြောင်းကြားစာကို စောင့်စားမနေဘဲ တာဝန်ရှိသူများ စေလွှတ်ကာ လယ်သမားများကို အကူအညီပေးရန် ပြည်နယ်နှင့် ခရိုင် အာဏာပိုင်များကို ၎င်းတို့ဝန်ကြီးဌာနက မှာကြားထားကြောင်း ဘွန်ခေါင်က ပြောကြားခဲ့သည်။

 

mdn

 

ဘဏ်များမှပိုက်ဆံချေးယူထားသော လယ်သမားများအနေဖြင့် ထိုဘဏ်များနှင့် ဆွေးနွေးညှိနှိုင်းရန်အစိုးရက ကူညီမည်ဖြစ်သောကြောင့် ကောက်ပဲသီးနှံများ ပျက်စီးမှု ပမာဏကို သက်ဆိုင်ရာ အာဏာပိုင်များထံ အစီရင်ခံစာ တင်ရန်လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လာအိုမိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လ အစောပိုင်းတို့တွင် မိုးရေချိန် ပိုမိုမြင့်မားမည်ဟု ကြိုတင်ခန့်မှန်းကာ ပြီးခဲ့သည့် ၂၂ ရက်နေ့က သတင်းကောင်းထုတ်ပြန်ကြေညာခဲ့သည်။ မဲခေါင်မြစ် နှင့် ၎င်း၏ အဓိက မြစ်လက်တက်များတွင် မိုးရေချိန် တဖြည်းဖြည်းမြင့်တက်လာဖွယ်ရှိသည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို