၇ ဩဂုတ်

 

 

လာအိုနိုင်ငံ တစ်ဝန်းတွင် ဇန်နဝါရီလ ကတည်းက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၄၄၅၅ ဦး ရှိသည်ဟု လာအို ကျန်းမာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ကိုးဦး ရှိကြောင်း လာအို ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်း အချက်အလက်နှင့် ပညာရေးစင်တာ သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့က ဖော်ပြထားသည်။

 

 

လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းတွင် ၁၀၁၇ ဦး၊ ဗော်လိခမ်စိုင် ပြည်နယ်တွင် ၅၂၃ ဦး၊ ဗီယင်ကျန်းပြည်နယ်တွင် ၄၅၇ ဦး တို့တွင် သွေးလွန်တုပ်ကွေးရောဂါ အများဆုံး ကူးစက်ခံခဲ့ရသည်။

 

 

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကြောင့် လာအိုမြို့တော် ဗီယင်ကျန်းတွင် လေးဦး၊ ဗော်လိခမ်စိုင်တွင် နှစ်ဦး၊ ခမ်းမောင်း၊ Xayaboury နှင့် Xieng Khuang ပြည်နယ်တို့မှ တစ်ဦးချင်းစီ သေဆုံးခဲ့သည်။

 

 

လာအိုကျန်းမာရေး အာဏာပိုင်များက ရောဂါကူးစက်ခံရမှုကို ထိန်းချုပ်ရန် နေအိမ်များနှင့် လုပ်ငန်းခွင် ဝန်းကျင် နေရာများတွင် ခြင်များ ပေါက်ပွားမှုကို ရှင်းလင်းလုပ်ဆောင်ကြရန် ပြည်သူများကို တိုက်တွန်း ပြောကြားခဲ့သည်။

 

 

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ သွေးလွန်တုပ်ကွေး ရောဂါသည် လက်ရှိတွင် အလျင်မြန်ဆုံး ဗိုင်းရပ်စ်ကူးစက် ရောဂါအဖြစ် သိကြပြီး ကူးစက်မှု အမြန်ဆုံး ရောဂါများအနက် တစ်ခု ဖြစ်သည်။

 

 

ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ဖြစ်ပွားသည့် ပမာဏ မြင့်မားသည်။

 

 

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အနောက်ပစိဖိတ် ဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အရေအတွက်ထက် နှစ်ဆကျော် တိုးပွားလာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို