၁၆ ဇွန်

 

တရုတ်နိုင်ငံ အနေဖြင့် လာအိုနိုင်ငံနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်သမ္မတ ရှီကျင့်ဖျင်က ယမန်နေ့က ပြောကြားခဲ့သည်။

 

သမ္မတရှီက လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် လာအိုနိုင်ငံသမ္မတ ဘွန်ညံ ဗိုရာချစ်နှင့် ဆက်သွယ်ပြောကြားစဉ် တရုတ်နှင့် လာအိုနိုင်ငံတို့ အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အပြီးသတ် အောင်ပွဲခံနိုင်မည်မှာ သေချာသည်ဟု ယုံကြည်ကြောင်း  ပြောကြားခဲ့သည်။

 

ဘွန်ညံထံမှ ရင်းနှီးနွေးထွေးသော သဝဏ်လွှာထဲတွင် လာအိုနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အကူအညီများသည် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို သိရှိခဲ့ရသဖြင့် အင်မတန် ဝမ်းမြောက်မိကြောင်း ရှီက ပြောကြားခဲ့သည်။

 

တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ရှီက ဘွန်ညံဦးဆောင်သည့် လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် လာအိုနိုင်ငံသည် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်မှု အောင်မြင်ခဲ့သဖြင့် အိမ်နီးချင်း လာအိုနိုင်ငံအား ဂုဏ်ပြုစကားပြောကြားခဲ့သည်။

 

သမ္မတရှီ က နှစ်နိုင်ငံနှင့်ပါတီ နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်းသည် အင်မတန် အရေးကြီးကြောင်း၊ နှစ်နိုင်ငံရရှိထားသော အရေးပါသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးရန် ဘွန်ညံနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်း နှင့် နှစ်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိစေရန် တရုတ်-လာအို အသိုက်အဝန်း တည်ဆောက်ရေးကို ရှေ့ဆက်လုပ်ဆောင်သွားရန် ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

222