တာချီလိတ် ၃ ဇန်နဝါရီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ရေပူစမ်း စံပြကျေးရွာ၌ အကြိမ်(၂၀)မြောက် လားဟူ တိုင်းရင်းသား ရိုးရာ စုပေါင်း နှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီ ၂ ရက်၊ နံနက်က ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနဲ့အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက နှစ်သစ် နှုတ်ခွန်းဆက် စကား ပြောကြားပြီး ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်း မင်္ဂလာပြုလုပ်ကာ လားဟူတိုင်းရင်းသား ရိုးရာမြေဝိုင်း အကနှင့် အိုးစည်ဗုံမောင်း အကများဖြင့် ကပြဖျော်ဖြေကြသည်။
အဆိုပါ နှစ်သစ်ကူး ပွဲတော်ကို လားဟူ တိုင်းရင်းသားများ ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး၍ ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်စေရန်၊ ရပ်ဝေးရပ်နီးမှ လားဟူ တိုင်းရင်းသားများ တွေ့ဆုံချစ်ကြည် ရင်းနှီးမှု ရှိစေရန်၊ အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ရင်းနှီးမှု ရရှိစေရန် လားဟူ တိုင်းရင်းသား ရိုးရာ စုပေါင်း နှစ်သစ်ကူး ပွဲတော်ကို ထင်ရှူးပင်များ အဖူးအညွှန့် ဝေဆာထွက်သည့် အချိန်၊ မက်မန်းနှင့် ချယ်ရီပန်းများ ဖူးပွင့်သည့် အခါသမယ၌ ကျင်းပလေ့ရှိရာ ယင်းနှစ်သစ်ကူး ပွဲတော်မှာ လားဟူ တိုင်းရင်းသားများ ကျင်းပပြုလုပ်သည့် ပွဲသဘင်များအနက် အကြီးအကျယ်ဆုံး ပွဲတော် ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း