mdn

မြင့်မိုရ်(တာချီလိတ်)၊ ယာဆေး(ပြန်/ဆက်)

 

တာချီလိတ်မြို့၌ လားဟူတိုင်းရင်းသားများယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် လားဟူ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး  ပွဲတော်ကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ကျင်းပ

 

စုပေါင်းနှစ်သစ်ကူးပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး တာချီလိတ်၊ တာလေ။ မိုင်းဖြတ်မြို့နယ်များအတွင်းရှိ တောင်ပေါ်ဒေသ များနှင့် ကျေးရွာအသီးသီးတွင်နေထိုင်သော လားဟူတိုင်းရင်းသားများက စုပေါင်းကျင်းပကာ ရှေးရိုးရာ ဘူးပလွေ၊ မြေဝိုင်းအကများဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး ရိုးရာလက်ဆေးမင်္ဂလာကို ကျင်းပခဲ့ကြသည်။

 

ပွဲတော်သို့ စစ်ဘက်၊ နယ်ဘက်မှ ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ဖိတ်ကြားထားသူများနှင့် သတင်းမီဒီယာများစုံလင်စွာ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

 

မြေဝိုင်းအကဖြင့် ဖျော်ဖြေကပြ

 

လားဟူတိုင်းရင်းသားများသည် တစ်နှစ်တာ ရာသီကာလအတွင်း လားဟူ တိုင်းရင်းသားတို့ကျင်းပကြသည့် ပွဲတော်များ ထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံ မြေကွက် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို နှစ်သစ်ကူးပွဲတော်တွင် ဦးဦးဖျားဖျား စုပေါင်းပါဝင် လှူဒါန်းကြကြောင်း၊ ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားကာ ထင်းရှူးပင်ကို ဝိုင်းပတ်ပြီး ယင်းတို့၏ အထိမ်းအမှတ် ဘူးပလွေဖြင့်တီးမှုတ်၍ ထင်ရှားသောမြေဝိုင်းအကဖြင့် ဖျော်ဖြေကပြကာ သက်ကြီးဝါကြီးနှင့် အကြည်ညိုခံပုဂ္ဂိုလ်များအား လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာပြုလုပ်ခံယူသော ပွဲတော်ဖြစ်ကြောင်း သိရသည်။

 

လားဟူတိုင်းရင်းသားများသည် ယင်းတို့ဝတ်ဆင်သော ရိုးရာ အဝတ်အစား၏အရောင်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်အ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ထိုင်းနယ်စပ်နှင့် လာအိုနယ်စပ်များတွင် ပျံနှံ့နေထိုင်ကာ လက်ရှိအချိန်တွင် အဆိုပါ မျိုးနွယ်စုမှ အဆင့်ဆင့်ပေါက်ဖွားရ လားဟူမျိုးနွယ် ၃၀ ခန့်ရှိကြောင်း သိရသည်။

 

လားဟူတိုင်းရင်းသားလူမျိုး

 

လားဟူတိုင်းရင်းသားလူမျိုးတို့သည် ယခုအချိန်တွင် တရုတ်၊ မြန်မာ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့၌ ပျံ့နှံ့နေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ အများဆုံး နေထိုင်ကြကာ လူဦးရေအားဖြင့် ငါးသောင်းကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

 

လားဟူတိုင်းရင်းသားလူမျိုးတို့သည် တောင်ပေါ်ဒေသများတွင် အများဆုံး နေထိုင်ကြကာ(ရွှေ့ပြောင်းတောင်ယာ) စိုက်ပျိုးရေးကို အခြေခံသောဘဝလူနေမှု အပြင် အမဲလိုက်ခြင်း(မုဆိုး)အလုပ်ကို အသက်မွေးဝမ်းကျောင်းပြုကြသော လူမျိုးစုဖြစ်သည်။

 

ဘူးသီးနှင့် နှစ်သစ်ကူးပွဲတော်

 

ဘူးသီးသည် လားဟူတိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် အထိမ်းအမှတ်သင်္ကတေတစ်ခုဖြစ်သည်။

 

ထင်ရှားသောရိုးရာဓလေ့ပွဲတော်များရှိကြရာတွင် နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်တို့သည် ထင်ရှားသော ပွဲတော်များ ဖြစ်ကြသည်။ လူမျိုးစုဟူ၍ ကွဲပြားကြသော်လည်း အခြေခံအားဖြင့် ဓလေ့ပွဲတော်များ ကျင်းပကြရာတွင် အားလုံးတူညီကြကြောင်း သိရသည်။ နှစ်သစ်ကူးပွဲတော်ကို ခရစ်၏ နှစ်သစ်အစ ဇန်နဝါရီလဆန်းတွင် စတင်ကျင်းပကြလေ့ရှိပြီး ရှေးဘိုး ဘေးဘီဘင်များ၏ နှုတ်ဖြင့်မှာကြားခဲ့မှုအရ ချယ်ရီပန်းများ၊ မက်မွန်ပန်းများ ပွင့်သည်ကို တွေ့ရှိရပါက မိမိတို့လားဟူလူမျိုးတို့၏ နှစ်သစ်ကူးရာသီချိန်ခါ ရောက်ရှိလာပြီကို သိရှိရပြီး နှစ်သစ်ကူးပွဲတော်များကို ကျင်းပလေ့ရှိကြသည်။

 

ကောက်သစ်စားပွဲတော်

 

ကောက်သစ်စားပွဲတော်ကို နှစ်စဉ်နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကျင်းပလေ့ရှိပြီး မိမိတို့ထွန်ယက်စိုက်ပျိုး၍ အောင်မြင် ဖြစ်ထွန်းရရှိလာသော ကောက်ပဲသီးနှံများ၏ အဦးအဖျားများကို ဆွတ်ခူးကာ မိမိတို့ ကိုးကွယ် ယုံကြည်ရာဘာသာအလိုက် လှူဒါန်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ပူဇော်ပသ ကြခြင်းနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို စားဦးစားဖျားများ ချက်ပြုတ် ကျွေးမွေးခြင်းဖြင့် ကျေးဇူးဆပ်တင်ခြင်းပွဲတော်ဖြစ်ပေသည်။

 

လက်ဆေးခြင်းမင်္ဂလာ

 

လက်ဆေးခြင်းမင်္ဂလာကို ပွဲတော်တစ်ခုအဖြစ် သီးသန့်သတ်မှတ်ထားလေ့ မရှိသော်လည်း ရိုးရာဓလေ့ပွဲတော်များကျင်းပတိုင်း လက်ဆေးခြင်းမင်္ဂလာကို အမြဲပြုလုပ်လေ့ရှိသည်။ လက်ဆေးခြင်းမင်္ဂလာဟူသည် ဆေးကြောခြင်း၊ သန့်စင်ခြင်းကို ဖော်ဆောင်သော အမှတ်အသားဖြစ်ကာ ငယ်ရွယ်သည့် သားသမီးလူငယ်လူရွယ်များက ရွာအတွင်းမှ သက်ကြီးရွယ်အိုများနှင့် မိဘများ ကို ဝန်ချတောင်းပန်ခြင်း၊ ရိုသေသမှုပြုခြင်းနှင့်ရိုးရာအစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းကို ဖော်ဆောင်သော မွန်မြတ်၍ ချစ်ခင်စရာဓလေ့ကို ဖော်ဆောင်ခြင်းဖြစ်ပေသည်။

 

ရိုးရာဓလေ့များကို ထိန်းသိမ်း

 

လူငယ်လူရွယ်များက သက်ကြီးရွယ်အိုများကို လက်ဆေးပေးခြင်းသည် ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့်  ပြစ်မှားမိသောအပြစ်များရှိပါက ခွင့်လွှတ် ပေးကြပါရန်၊ အပြစ်များကို ဆေးကြောပေးရန် လျှောက်ထားပြီး လက်ကိုရေ ဖြင့် ဆေးကြောသန့်စင်ပေးခြင်းဖြင့် လူငယ်လူရွယ်များက အစဉ်အလာများ၊ ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ပါ မည့်အကြောင်း သက်သေအရာ ထားလျက်ပြုလုပ်သော လက်ဆေးခြင်းမင်္ဂလာဖြစ်သည်။

 

လက်ဆေးခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ထက်တိုင် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပြီး လားဟူလူမျိုးတို့၏ မွန်မြတ်သောရိုးရာဓလေ့ တစ်ခုအဖြစ် မြင်တွေ့ကြရပေသည်။