ရန်ကုန် ၂၇ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက စီစဉ်ကျင်းပသည့် “လျှာမဲ့ချိန်ခွင်” တရားဥပဒေစိုးမိုးရေး ကာတွန်းပြပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပရာ စိတ်ဝင်စားသူ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

“တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူဖြစ်အောင်နဲ့ ပြည်သူလူထုကို အသိပညာရအောင်၊ တရားဥပဒေနဲ့ပတ်သက်ပြီး အနှောင့်အယှက်ဖြစ်စေတဲ့ ယန္တရားတွေကိုလည်း ပညာပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြပွဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အထောက်အကူပြုတဲ့ ကာတွန်းတွေကို ပြသထားပါတယ်”ဟု မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ကာတွန်းဝင်းအောင်က ပြောသည်။

 

ပြပွဲတွင် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ကာတွန်းဆရာများ ရေးဆွဲထားသော တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် အသိပညာပေးကာတွန်း ၁၅၀ ကျော်ကို ပြသထားသည့်အပြင် စာပေ၊ ဥပဒေနှင့် နိုင်ငံရေးနယ်ပယ်တို့မှ ပုဂ္ဂိုလ်များ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးမှုများ၊ ကာတွန်းဆရာများ၏ လက်တွေ့သရုပ်ပြ ကာတွန်းရေးဆွဲခြင်း အစီအစဉ်နှင့် ကျောင်းသားလူငယ်များ၏ လက်တွေ့ကာတွန်း ရေးဆွဲခြင်းပြိုင်ပွဲများကိုလည်း စီစဉ်ထားသည်။

 

မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းအနေဖြင့် အသင်းဝင် (၄၀ဝ) ကျော်ရှိပြီး ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်တို့နှင့်ပတ်သက်သည့် ကာတွန်းပြပွဲများအပြင် ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေကာတွန်းပြပွဲနှင့် ကလေးနီတိကာတွန်းပြပွဲများကို ဖေဖော်ဝါရီ ၂၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

 

သတင်းနှင့် ဓာတ်ပုံ - ဇော်ကြီး