မန္တလေး  ၅   ဒီဇင်ဘာ

 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူဦးရေစာရင်း ကောက်ယူခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသည့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများအား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

အဆိုပါလုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကာ ၎င်းလုပ်ငန်းများအား ယခုနှစ် စက်တင်ဘာလကုန်၌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ကောက်ယူပြုစုထားသည့် စာရင်းများအရ လာမည့် ၂၀၂၀ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အတွက် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိ သည့် မဲဆန္ဒရှင်စာရင်းမှာ ၄၅ သိန်းကျော်ရှိရာ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် ပြုစုခဲ့သည့် မဲဆန္ဒရှင်စာရင်းထက် တစ်သိန်းငါးသောင်းခန့် ပိုမိုများပြားနေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

 

''၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မန္တလေးတိုင်းက မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ဦးရေက ၄၄ သိန်းကျော်ရှိခဲ့ပြီး မဲပေးတဲ့ ဦးရေက ၃၂ သိန်းကျော် မဲပေးခဲ့ကြတယ်။ လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် လက်ရှိ ပြုစုပြီးခဲ့တဲ့ စာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင်စာရင်းက ၄၅၅၅၃၁၀ ဦး ရှိနေတဲ့ အတွက် ၂၀၁၅ ခုနှစ်ထက်  မဲပေးပိုင်ခွင့်ရှိတဲ့ ဦးရေက တစ်သိန်းငါးသောင်းခန့် ပိုမိုများပြားမယ်လို့ ခန့်မှန်းပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အခုပြုစုပြီးတဲ့ မဲစာရင်းတွေကို ကျွန်တော်တို့ ကော်မရှင်က ကြေညာပေးတဲ့အချိန်မှာ လာရောက် ကြည့်ရှုပြီး ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ ပြုလုပ်ပေးကြဖို့ အဓိက မှာကြားလိုပါ တယ်'' ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် ရွေးကောက်ပွဲလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကော်မရှင်အဖွဲ့များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြင့်သင်တန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှဦးစီး၍ နေပြည်တော်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး မကြာမီ ကာလအတွင်း၌ ဆင့်ပွားသင်တန်းများကို ထပ်မံဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)