မန္တလေး ၂၇ နိုဝင်ဘာ
လာမည့် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ လက်ရှိ စက်တင်ဘာလကုန်အထိ ပြုစုထားသည့် စာရင်းများအရ ယခင် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြုစုခဲ့သည့် မဲဆန္ဒရှင်ဦးရေထက် တစ်သိန်းငါးသောင်းခန့် ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းမှာ ၄၄ သိန်းကျော်ရှိခဲ့ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ဦးရေမှာ လက်ရှိကောက်ယူထားသည့် စာရင်းများအရ ၄၅ သိန်းကျော်ရှိနေကြောင်း သိရသည်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ မန္တလေးတိုင်းအတွင်းမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၄ သိန်းကျော် အနက် ၃၂ သိန်းကျော် မဲပေးခဲ့ကြတယ်။ ရာခိုင်နှုန်းအနေနဲ့ ၇၂ ဒသမ ၈၆ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လက်ရှိ စက်တင်ဘာလအကုန်အထိ ကောက်ယူထားတဲ့ စာရင်းအရ ၄၅၅၅၃၁၀ ရှိနေပါပြီ။ ဒီစာရင်းတွေထဲမှာ တပ်မိသားစုဦးရေ မပါဝင်သေးပါဘူး။ အခုကောက်ယူထားတဲ့ မဲဆန္ဒရှင် စာရင်းကလည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ၁၈ နှစ်ပြည့်မယ့် လူဦးရေစာရင်းအထိ ကောက်ယူထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် ကာလအပေါ်မူတည်ပြီး မဲပေးပိုင်ခွင့်ရှိတဲ့ ၁၈ နှစ်ပြည့်မယ့် မဲဆန္ဒရှင်စာရင်းကို အတိုးအလျော့ ပြန်လုပ်သွားမှာပါဟု ၎င်းကပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူဦးရေအချက်အလက် ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများအား ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် ကော်မရှင်အဖွဲ့များ ဝန်ထမ်းများ ဆရာ ဆရာမများအတွက် စွမ်းရည်မြှင့်သင်တန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးပြီး နေပြည်တော်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ မကြာမီကာလအတွင်း၌ တိုင်းဒေသကြီးအတွင်း၌လည်း ဆင့်ပွားသင်တန်းများ ထပ်မံဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)