မန္တလေး ၁၃ ဇန်နဝါရီ
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ တပ်တွင်းမဲရုံများကို အပြင်ထုတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်။
အဆိုပါ တပ်တွင်း မဲရုံများကို ထုတ်ရခြင်းသည် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူများ မီဒီယာများ ပြည်သူများအနေနဲ့ လွတ်လွတ်လပ်လပ် လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နိုင်ဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
"တပ်ရယ်တင်မဟုတ်ဘူး။ ဥပမာ စက်ရုံလိုဟာမျိုးပေါ့။ သူ့ဝင်ထဲမှာသူ့လူနဲ့ သူလုံခြုံရေးနဲ့ပေါ့။ အဲ့ဒါတွေပါထုတ်မယ်။ အဝင်အထွက်ခက်နေမှာစိုးလို့ပေါ့။ အဝန်းအဝိုင်းထဲ ဖြစ်နေတာမျိုးတွေပေါ့။ လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ ကြည့်လို့ရမယ့်နေရာကို ထုတ်မယ်။ လွယ်လွယ်ကူကူ ကြည့်လို့မရနိုင်ဘူး ထင်တဲ့နေရာတွေကနေ အပြင်ထုတ်မယ်။" ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူများက တပ်တွင်း မဲရုံများကိုဝင်ကြည့်ရန့် အခက်အခဲရှိခဲ့ပြီး ယင်းတို့အတွက် ရွေးကောက်ပွဲကော်မရှင်ထံအား တင်ပြမှုများ အကြံပြုများရှိခဲ့မှုကြောင့် ယခုလိုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
"အားလုံးတစ်ပြေညီဖြစ်စေဖို့ တပ်တွင်းမဲရုံတွေအပြင် လွယ်လွယ်ကူကူကြည့်လို့မရနိုင်ဘူး ထင်တဲ့နေရာတွေမှာရှိနေတဲ့ မဲရုံတွေကိုပါ အပြင်ထုတ်သွားမယ်" ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။
၂၀၁၅ အထွထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ တပ်တွင်းမဲရုံ ၁၀၂ ရုံ၊ တပ်နဲ့ ရပ်ကွက်ပေါင်းထားတဲ့ မဲရုံ ၁၀ ရုံရှိခဲ့သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၅ သိန်း ကျော်ရှိနေပြီး ယင်းစာရင်းထဲတွင် တပ်မတော်သား မိသားစုဝင်တွေများ စာရင်းမပါသေးကြောင်း သိရသည်။
သူရိန်လင်း
