မန္တလေး၊  ၂၈  ဒီဇင်ဘာ

လာမည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလတွင်  ဒေသအစုံမှ ပဲမျိုးစုံ အသစ်ပေါ်လာချိန် ပုံမှန်စျေးကွက်ဖြစ်လာစေရန် မန္တလေးကုန်စည်ဒိုင် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန်လိုအပ်ကြောင်း မန္တလေးကုန်စည်ဒိုင် ပဲ၊နှမ်းကုန်သည်များထံမှသိရသည်။

ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံဒေသအစုံမှ ပဲမျိုးစုံ အသစ်၀င်ရောက်လာချိန်တွင်  ကုန်စည်ဒိုင်ဖွင့်လှစ်ကာ ရောင်း၀ယ်မှုမပြုနိုင်ဘဲ ပြင်ပတွင်သာ အဆင်ပြေသလို ဆက်လက်ရောင်း၀ယ်ပြုလုပ် နေရပါက တောင်သူသီးနှံများ ပုံမှန်စျေးကွက် စျေးတန်းမရရှိနိုင်ဘဲ နှစ်နာမှုများဖြစ်လာနိုင်ကြောင်း ၊ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ တရား၀င်အရောင်းအ၀ယ်ပြုလုပ်နိုင်ရန် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရန် လိုအပ်ကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

တရုတ်၀ယ်လက်ဆီမှာ ခေါင်းထိုးရောင်းနေရတဲ့အခြေအနေဖြစ်နေတယ်။ စျေးကွက်ပျက်တာ တော်တော်ဆိုးနေတယ်။ လက်ရှိမှာက တရုတ်၀ယ်လက်တွေကုန်စည်ဒိုင်မလာတော့ ပွဲစားတွေက အိမ်လိုက်ရောင်းနေရတယ်။ ဒီလိုဖြစ်နေတော့ စျေးကွက်မှာ စျေးနှိမ်ခံရတယ်။ နောက်ဆက်တွဲအနေနဲ့ တောင်သူလည်းစျေးကောင်းမရဖြစ်နေတယ်။ ဒီတော့ လာမည့် ပဲသစ်တွေ၀င်လာချိန်မှာ ကုန်စည်ဒိုင် မဖွင့်ရင် ဒီလိုပဲဆက်ဖြစ်နေအုံးမယ်။မန္တလေးကုန်စည်ဒိုင်ကို ကျန်းမာရေးစည်းကမ်းတွေ နဲ့အညီ အမြန်ဆုံးပြန်ဖွင့်လှစ်ရန်လိုအပ်ပါတယ်´´ဟု ဦးကျော်သွင်ကပြောသည်။

မန္တလေးကုန်စည်ဒိုင်ကို သင်္ကြန်နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ပြီး နောက် ရောဂါကူးစက်များထိန်းချုပ်ရန် ယာယီပိတ်ထားကာ အွန်းလိုင်းမှ သာ အရောင်းအ၀ယ်ပြုလုပ်ခဲ့ကြပြီး ယခုအခါ ကုန်စည် ဒိုင်ရှေ့ မျက်နှာစာတွင် လာရောက်အရောင်းအ၀ယ်ပြုလုပ်ခြင်း ၊၀ယ်လက် ပွဲရုံများရှေ့တွင် တန်းစီ ၀င်ထွက် ရောင်း၀ယ်ခြင်းများ ပြုလုပ်နေကြရကြောင်း ၊လာမည့် ပဲသစ်ပေါ်ချိန် အရောင်းအ၀ယ် စျေးကွက် မှန်ကန် ခိုင်မာစေရန် နှင့်  စျေးကွက်စျေးနှိမ်၀ယ်ယူခြင်းများ မရှိစေရန် ကျန်းမာရေးစည်း ကမ်းချက်များနှင့် အညီ မန္တလေးကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်ရန် လိုအပ်နေကြောင်းသိရသည်။

ဖြိုးအိ