၂၂ ဇန်နဝါရီ
လာမည့်လအတွင်း YBS အစီးရေ ၃၀ ခန့်ဖြင့် တက္ကသိုလ်လေးခုကို ချိတ်ဆက်ပြေးဆွဲသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
အဆိုပါ တက္ကသိုလ်လေးခုဖြစ်သည့် နည်းပညာတက္ကသိုလ်(လှိုင်သာယာ)၊ ဆေးတက္ကသိုလ်(၂)၊ ဒဂုံ တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တို့ကို ယာဉ်အစီးရေ ၂၇ စီးဖြင့် ချိတ်ဆက် ပြေးဆွဲ ရန်အတွက် Omni Focus ကုမ္ပဏီမှ YRTA ထံသို့ တင်ပြထားကြောင်း သိရသည်။
"တက္ကသိုလ်လေးခု ချိတ်ဆက်ပြေးဆွဲမယ့်လိုင်းကိုတော့ ကျွန်တော်တို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေ တယ်၊ ဒါကိုလည်း ကျွန်တော်တို့က ဖေဖော်ဝါရီလထဲမှာ ပြေးနိုင်အောင် သက်ဆိုင်ရာ ကုမ္ပဏီလည်း ပြင်ဆင် နေတယ်"ဟု ဦးလှအောင် က ပြောသည်။
ထို့ပြင် Omni Focus ကုမ္ပဏီအနေဖြင့် လေဆိပ်နှင့် အဝေးပြေးကွင်းများကို ယာဉ်အစီးရေ ၂၀ ဖြင့် ချိတ်ဆက်ပြေးဆွဲနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)သို့ တင်ပြထားကြောင်း သိရသည်။
လက်ရှိ အဆိုပါ ယာဉ်လိုင်းများတွင် ပြေးဆွဲမည့်ယာဉ်များ မှတ်ပုံတင်ရန်အတွက် လုပ်ငန်းလိုင်စင်ရုံးတွင် ဆောင်ရွက်နေသောကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး ပြေးဆွဲနိုင်ရေး ကုမ္ပဏီအနေဖြင့် ကြိုးစား ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
ထိုသို့ ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းများ ပေါ်ထွက်လာပါက ခရီးသွားပြည်သူများ၏ သွားလာမှု အဆင်ပြေချောမွေ့စေရေး တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသကဲ့သို့ လက်ရှိအချိန်တွင် ယခင်ထက် ညီညွတ်မျှတသည့် ဝန်ဆောင်မှုကောင်းများကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဦးလှအောင် က ပြောကြားထားသည်။
လက်ရှိ Omni Focus ကုမ္ပဏီအနေဖြင့် YBS (၂၀) ၊ YBS (၈၃) ၊ YBS (၉၈) ၊YBS (၉၉) ၊YBS (၅၆) ယာဉ်လိုင်းအပါအဝင် ရန်ကုန်ဘူတာကြီးမှ လေဆိပ်သို့ ပြေးဆွဲပေးနေသည့် Airport Shuttle Bus တို့အပြင် ယာဉ်လိုင်းအသစ်နှစ်လိုင်းကို ထပ်မံပြေးဆွဲရန် တင်ပြထားခြင်းဖြစ်သည်။
လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းမှ ယာဉ်လိုင်း နံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀ဝ ရှိသည့်အပြင် Airport Shuttle Bus၊ City Transit တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀ဝ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
ငြိမ်းငြိမ်း