ရန်ကုန် ၁၄ စက်တင်ဘာ
ပြည်တွင်းတွင်လိုအပ်သည့် မျိုးစေ့များကို ပြည်ပနိုင်ငံများမှ တင်သွင်းအသုံးပြုနေရသောကြောင့် လာမည့် ၅ နှစ် သို့မဟုတ် ၁၀ နှစ်တာကာလအတွင်း မျိုးစေ့တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
“မျိုးစေ့တင်ပို့ရောင်းချတဲ့ကုမ္ပဏီအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မျိုးစေ့ကဏ္ဍမှာ ပါဝင်ပတ်သက်သူများဖြစ်တဲ့ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ အကောက်ခွန်၊ စီးပွား/ကူးသန်းစတဲ့ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စက်တင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်လျက်ရှိပြီး ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် ကြုံတွေ့နေရသည့်အတွက် ရာသီဥတုဖောက်ပြန်မှုကို မြန်မြန်ဆန်ဆန်ပြန်လည်တုံ့ပြန်နိုင်မည့် မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များဖြင့် အစားထိုးပြောင်းလဲနိုင်မှသာ တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်ကာ နိုင်ငံ၏အသားတင် ထုတ်လုပ်မှုတန်ဖိုး GDP တိုးတက်ရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးစေ့ကဏ္ဍတွင် လက်ရှိကျင့်သုံးနေသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ပုဂ္ဂလိကကဏ္ဍကအဆင်ပြေစွာ ကျင့်သုံးလိုက်နာနိုင်ရန် ပြန်လည်သုံးသပ်နိုင်ရေးအတွက်လည်း အမျိုးသားအဆင့်ဆွေးနွေးပွဲများ ကျင်းပပြီး မျိုးစေ့ကဏ္ဍတွင် ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကိုလည်း အလွယ်တကူရရှိအသုံးပြုနိုင်ရန် မျိုးစေ့ထုတ်လုပ်မှုတွင် မျိုးစေ့အဆင့် အလိုက်သက်ဆိုင်ရာ မျိုးစေ့ထုတ်လုပ်သူများက ဈေးကွက်နှင့်ကိုက်ညီသည့် မျိုးပမာဏကို စိုက်ပျိုးရာသီနှင့် အချိန်ကိုက်ထုတ်လုပ်နိုင်ရန် မျိုးစေ့ထုတ်လုပ်မှု စနစ်တစ်ရပ်ကိုလည်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။
စီးပွားဖြစ်မျိုးစေ့ ထုတ်လုပ်မှုဖွံ့ဖြိုးရေးကိုလည်း မိတ်ဘက်အဖွဲ့အစည်းဖြစ်သည့် WHH (Welthungerhilfe) က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မျိုးစေ့ထုတ်လုပ်ပုံနည်းပညာများ၊ သွင်းအားစုများ၊ စီးပွားရေးနှင့်ဈေးကွက်ဆိုင်ရာ နည်းပညာများထောက်ပံ့ပေးမှုလုပ်ငန်းများကို မျိုးစေ့ထုတ်အစုအဖွဲ့များ၊ မိတ်ဖက်ကုမ္ပဏီများက တစ်ဆင့် တောင်သူများထံရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ သိရသည်။
သူရိန်ကျော်


