နေပြည်တော် ၃ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့သည်။ ညအပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။ ထူးခြားသည့် ညအပူချိန်များမှာ သီပေါမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့၊ ဟဲဟိုးမြို့နှင့် ဟားခါးမြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီ၊ ပူတာအိုမြို့၊ ပင်လောင်းမြို့နှင့် လွိုင်လင်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် မိုးမိတ်မြို့တွင် (၆)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။ 

 

မှတ်သားဖွယ်ရာ မိုးရေချိန်မှာ မြိတ်မြို့တွင် (၁.ဝ၂)လက်မ ဖြစ်သည်။

 

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြန့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ 

 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာနိုင်သည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။

 

MDN