ရန်ကုန် ၂၀ ဒီဇင်ဘာ
လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ခွင့်ပြုပေးရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသော သတ္တုတူးဖော်ရေးလုပ်ငန်းများသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ကျန်ခဲ့သည့် လုပ်ငန်းအမျိုးအစားများဖြစ်ပြီး ယင်းလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့် လုပ်ငန်းမျိုးဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စနစ်တကျ စိစစ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"လာမယ့်နှစ်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေ လာမယ်လို့ မျှော်လင့်ပါတယ်၊ ဒါဘာလဲဆိုရင် နှစ်ကုန်မှာ ကျွန်တော်ပြောခဲ့တယ်၊ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လာလိမ့်မယ်၊ ဒီဟာတွေနဲ့ပတ်သက်လို့လည်း နိုင်ငံတော်က သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသေးစိတ် စနစ်တကျ စိစစ်နေတဲ့ Process ရှိပါတယ်၊ Process က တွက်ကြည့်မယ်ဆိုရင် နှစ်လကျော်လောက် ကြာနေတယ်၊ အဲတော့ ဒီ Process တွေ အောင်မြင်ပြီးတော့မှ ဒီ Process တွေ တက်လာမယ်လို့ ယူဆပါတယ်၊ ဘာကြောင့် ဒါကို ပြောလည်းဆိုတော့ မိုင်းလုပ်ငန်းက ခွင့်ပြုလိုက်တာတော့ ကုမ္ပဏီတစ်ခုပဲ၊ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ပမာဏက ကြီးပါတယ်။ ဒါကြောင့်မလို့ ဒီလုပ်ငန်းတွေ တိုးတက်လာမယ်လို့ ယူဆထားပါတယ်"ဟု ဦးသန့်စင်လွင်က ပြောသည်။
လက်ရှိ အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍကို အားပေးနေခြင်းကြောင့် မကြာမီကာလတွင်လည်း လျှပ်စစ်ထုတ်လုပ်ရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်သည့် လုပ်ကွက်များကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ချထားပေးရန် ရှိကြောင်း ဦးသန့်စင်လွင်က ဆက်ပြောသည်။
ထို့ပြင် အိမ်ယာဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပုံမှန် ဝင်ရောက်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လက်ရှိ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၁၉၈၈ ခုနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း ၁၆ ခုမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၇၄ ဘီလီယံ ဝင်ရောက်ထားကြောင်း၊ လျှပ်စစ်ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၁ ခုမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အကြိမ် ၃၀ မြောက် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၁) ဦးဆောင်၍ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုပါက လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်ရန် အလားအလာရှိကြောင်း ပြောကြားထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျှက်ရှိကာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း MIPP ကို ဂျပန်နိုင်ငံအစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)အရ လာမည့်နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ဝ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသည်။
ငြိမ်းငြိမ်း