နယူးယောက်၊ ၃ ဒီဇင်ဘာ
လာမည့် ဖေဖော်ဝါရီလမတိုင်မီ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ဖြစ်သည့် ပြည်သူ သန်း ၁၀၀ အား ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အမေရိကန်နိုင်ငံက မျှော်လင့်ကြောင်း ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
Pfizer၊ BioNtech နှင့် Moderna ကုမ္ပဏီများမှထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးများကို အတည်ပြုပြီးပါက ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို မကြာမီ သီတင်းပတ်များအတွင်း စတင်မည်ဖြစ်သည်။
“ဒီဇင်ဘာလလယ်နဲ့ ဖေဖော်ဝါရီလကုန်ကြား ကျွန်တော်တို့ ပြည်သူ သန်း ၁၀၀ ကို ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပါတယ်” ဟု အမေရိကန်အစိုးရ၏ ကျန်းမာရေးဆိုင်ရာ အကြံပေး မွန်ဆက်ဆလော်အီက ပြောသည်။
ဒီဇင်ဘာလအတွင်း သက်ကြီးဂေဟာများ၌ နေထိုင်သူ ၃ သန်းကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်ဟု သိရသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။
ဒီဇင်ဘာလအတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၂၀၊ ဇန်နဝါရီလတွင် အလုံးရေ သန်း ၃၀ နှင့် ဖေဖော်ဝါရီလတွင် အလုံးရေ သန်း ၅၀ စုစုပေါင်း အလုံးရေ သန်း ၁၀၀ ရရှိမည်ဖြစ်သည်။
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ဒီဇင်ဘာလ ၁၀ ရက်တွင်ပြုလုပ်မည့် အကြံပေးကော်မတီ အစည်းအဝေးမတိုင်မီ အရေးပေါ်အခြေအနေ အသုံးပြုခွင့် တရားဝင်ခွင့်ပြုမည်မဟုတ်ပေ။
ကိုးကား-CNA