ရန်ကုန် ဧပြီ ၉
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၆-၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီး အသင်းဖျက်သိမ်းမှုများရှိသောကြောင့် MNL-2 မှ သုံးသင်းအထိ တန်းတက်ခွင့်ရရှိခဲ့သည်။
၂၀၂၅-၂၀၂၆ ရာသီအပြီးတွင် MNL ပြိုင်ပွဲမှ ရခိုင်ယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်း တန်းဆင်းခဲ့ရပြီး MNL-2 ပြိုင်ပွဲမှ ချန်ပီယံ Chinland အသင်းနှင့် ဒုတိယဆုရ မြဝတီအသင်းတို့ တန်းတက်ခဲ့သည်။
သို့သော် MNL တွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရသည့် Dagon Port အသင်းသည် အသင်းဖျက်သိမ်းပြီး ပြိုင်ပွဲမှနုတ်ထွက်ရန် တင်ပြခဲ့သဖြင့် ယင်းအသင်းနေရာတွင် အစားထိုးရန် မြန်မာနေရှင်နယ်လိဂ်သည် MNL မှ တန်းဆင်းခဲ့ရသည့် နှစ်သင်း၊ MNL-2 ပြိုင်ပွဲတွင် အဆင့်(၃)ရသည့် ရန်ကုန်စီးတီး အသင်း၊ အဆင့် (၄)ရသည့် တက္ကသိုလ်အသင်းတို့အား Play-off ပြန်ကစားရန် စီစဉ်ခဲ့သော်လည်း ကျန်သုံးသင်းမှာ မကစားလိုသဖြင့် ရန်ကုန်စီးတီးအသင်းက တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ရာသီ MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ အား/ကာသိပ္ပံ၊ ဟံသာဝတီယူနိုက်တက်၊ မဟာယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်၊ သစ္စာအားမာန်၊ Chinland၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သည် ပြိုင်ပွဲဝင်အသင်းများ ထုတ်ပြန်ထားသော်လည်း ကျင်းပမည့်ရက် ထုတ်ပြန်ခြင်းမရှိသေးဘဲ ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် MNL အမှတ်ပေးပြိုင်ပွဲ (၁၆)ကြိမ်တွင် ရှမ်းယူနိုက်တက်အသင်းက ခုနစ်ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည် နေကာ ရန်ကုန်ယူနိုက်တက်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ် ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် နောက်ပိုင်း ရှစ်ရာသီတွင် ခုနစ်ကြိမ်အထိ ဗိုလ်စွဲကာ စံချိန်တင်အောင်မြင်မှုများစွာ ရယူထားသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


