လာမည့်ရက်များအတွင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်

နေပြည်တော် ၂၉ မေ

 


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 


မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

 


မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

 


နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။

 


မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။


MDN