နေပြည်တော် ၂၉ ဧပြီ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ယနေ့ ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)"ဖန်နီ" (FANI)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့မြောက်ဘက် (၂၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ တောင်ဘက် မိုင်(၄၀ဝ)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း"ဖန်နီ" (FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၉) ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်သည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကာ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။
MDN