နေပြည်တော် ၅ မေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ နေ့အပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင် မေလ၏ ပုံမှန်အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ကြေးမုံမြို့၊ ချောက်မြို့၊ ပေါက်မြို့၊ တောင်ငူမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီနှင့် မြင်းမူမြို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပေါင်မြို့တွင် (၃.၅၄)လက်မ၊ ပူတာအိုမြို့တွင် (၂.ဝ၄)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် (၂.ဝ၁)လက်မ၊ ရန်ကုန် (ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်)တွင် (၁.၈၉) လက်မ၊ ချောင်းဆုံမြို့တွင် (၁.၇၇) လက်မနှင့် ရေဦးမြို့တွင် (၁.၅၀)လက်မတို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်(Assam) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အားပျော့ပျက်ပြယ်သွားပြီ ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ၊ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ၊ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။
MDN