လာမည့်ရက်များအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်

နေပြည်တော် ၆ အောက်တိုဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် (၂.၇၉)လက်မ၊ မချမ်းဘောမြို့တွင် (၂.၆၈)လက်မ၊ မှော်ဘီမြို့တွင် (၁.၉၆) လက်မ၊ ကျောက်ထုမြို့တွင် (၁.၉၅)လက်မ၊ တပ်ကုန်းမြို့၊ ရေးမြို့နှင့် လောင်းလုံးမြို့တို့တွင် (၁.၃၈)လက်မစီ၊ ပင်လောင်းမြို့တွင် (၁.၃၄)လက်မ၊ ဘီးလင်းမြို့တွင် (၁.၃၀)လက်မနှင့် မြောက်ဦးမြို့တွင် (၁.ဝ၆)လက်မတို့ ဖြစ်ကြသည်။

 

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၃)ပေမှ (၆)ပေခန့်ရှိနိုင်သည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးဆက်လက်ထစ်ချုန်း ရွာနိုင်သည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်သည်။

 

MDN