ဇင်လင်းမြင့်
လာမယ့်ဇွန်လဆန်းမှာတော့ ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ကြတော့မှာဖြစ်ပါတယ်။ ကျောင်းဝတ်စုံ၊ ဗလာ စာအုပ်နဲ့ လွယ်အိတ်၊ ကျောပိုးအိတ်တွေ ဖိုးတွေ အတူ ကျောင်းသားမိဘတွေအတွက် ကုန်ကျစရိတ်တွေ တန်းစီပြီး ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း အခြားမြို့ကြီးတွေထက် ရန်ကုန်မြို့က ကျောင်းသားမိဘတွေ၊ ကျောင်းသား ကျောင်းသူတွေအတွက်ကတော့ ကျောင်းကြို၊ ပို့ ကားတွေ အဆင်ပြေရေးက အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ကြုံတွေ့နေကြပါတယ်။ လာမယ့် ဇွန်လဆန်းမှာ စတင်တော့မယ့် ပညာသင်နှစ်အစမှာ ကျောင်းကားတွေ အဆင်ပြေစွာနဲ့ ပြေးဆွဲနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) က ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စည်းကမ်းတွေနဲ့ ပြေးဆွဲပေးဖို့စတင်
“၂၀၁၉-၂၀၂၀ စာသင်နှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြေခံပညာကျောင်း ၁၈ ကျောင်းမှာ ကျောင်းကားပြေးဆွဲနိုင်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ပြေးဆွဲပေးဖို့ စတင် ဆောင်ရွက်သွားမယ်” လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားထားပါတယ်။
ရန်ကုန်မြို့တစ်ဝန်းမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေအားလုံးနီးပါးက ကျောင်းသားတွေဟာ အကြိုအပို့ကျောင်းကားတွေကို အားထားနေရတာဖြစ်တာမို့ ကျောင်းကားတွေအပေါ် မှီခိုနေရပါတယ်။ ပုဂ္ဂလိက ကျောင်းကြိုပို့ယာဉ်တွေဟာ ကျောင်းဖွင့်ရက်တိုင်း အချိန်ကိုက်ပြေးဆွဲနိုင်အောင်လို့ ကြိုးစားနေကြရပါတယ်။
ကျောင်းကားစီးခဈေးနှုန်းတွေတက်
ဒီလိုကျောင်းကြိုပို့ဘတ်စ်ကားတွေရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် ဖြစ်လာတာမို့ မိဘတွေက ကျောင်းဖွင့်စရာသီ မတိုင်မီကတည်းက ကျောင်းသားကိစ္စတွေအတွက် စိုးရိမ်နေကြတာဖြစ်ပြီး ကြိုတင်စုံစမ်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းကားတွေ ပြေးဆွဲမှုစနစ် ပြောင်းလဲမည့်ကားပုံစံတွေ ပြောင်းလဲမည်ဟု တာဝန်ရှိသူတွေက ပြောကြားနေသလို ကျောင်းကားမောင်းသူ ယာဉ်ပိုင်ရှင်တွေကလည်း ကျောင်းကားစီးခ ဈေးနှုန်းတွေတက်မည် စတဲ့ အသံတွေလည်း ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ကျောင်းကားတွေ ပြေးဆွဲ
အခုလာမယ့် စာသင်နှစ်မှာ ကျောင်းကားတွေနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ဖြေလျှော့မပေးတော့ဘူးလို့ YRTA က တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေရဲ့ ဘေးမှာရှိတဲ့ အခြေခံပညာကျောင်းကြီးတွေ အကုန်လုံး သတ်မှတ်ထားတဲ့ကျောင်းကားတွေနဲ့ ပြေးဆွဲကြရတော့မှာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အဓိက လမ်းမကြီးဘေးတွေ တစ်လျှောက်မှာရှိ အခြေခံပညာကျောင်းကြီးတွေ စုစုပေါင်း ၂၂ ကျောင်းရှိပေမယ့် ဒီနှစ်စာသင်နှစ်မှာ ၁၈ ကျောင်းကို သတ်မှတ်ကျောင်းကားတွေ ပြေးဆွဲပြီး ကနဦး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျောင်းကားအစီးရေ ၂၀ဝ ဝယ်ယူထားတာ ရှိနေပြီး အခုစာသင်နှစ်မှာ ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ အခုလို ကျောင်းကားတွေ ပြေးဆွဲတဲ့အခါ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေရဲ့ တောင်းဆိုမှုအရသာ အဆင်ပြေအောင် ပြေးဆွဲသွားပေမယ့် လက်ရှိ ပြေးဆွဲနေတဲ့ ပုဂ္ဂလိကကျောင်းကားတွေနဲ့ ယှဉ်ပြိုင်ပြီး ပြေးဆွဲမှာမဟုတ်ဘူးလို့ YRTA က တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ရန်ကုန်မြို့ရဲ့ အခြေခံပညာကျောင်းသား ကျောင်းသူအားလုံးနီးပါးဟာ ကျောင်းကြိုပို့ ကားတွေ စီးနေကြတာဖြစ်ပြီး ကိုယ်ပိုင်ကားတွေနဲ့ ကျောင်းတက်တဲ့လူတွေလည်း ရှိပါတယ်။ ကျောင်းသားမိဘတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ သားသမီးတွေ လုံခြုံစိတ်ချပြီး ကျောင်းတွေကို အချိန်မီရောက်ရှိရေးနဲ့ အိမ်ပြန်နိုင်ရေး တို့ပဲဖြစ်ပါတယ်။
ကျောင်းကားတွေ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြေးဆွဲဖို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ကျောင်းကားတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက် ၁၂ ချက်ရှိပါတယ်။ အဲဒီစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ပြေးဆွဲနိုင်တဲ့ ကျောင်းကားတွေကိုသာ အခုစတင်တော့မယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ပြေးဆွဲစေမှာ ဖြစ်ပါတယ်။
လုံခြုံစိတ်ချရသော သော့စနစ်တပ်ဆင်ထား
အဲဒီစည်းကမ်းသတ်မှတ်ချက်တွေကတော့
(၁) ၁၀ ဦးထက် တင်ဆောင်နိုင်တဲ့ မီနီဘတ်စ်၊ မိုက်ခရိုက်ဘတ်စ်ကားတွေဖြစ်ရမည်။
(၂) ထိုင်ခုံတိုင်းတွင် အသက်ကယ် ထိုင်ခုံခါးပတ်ပါရှိရမယ်၊
(၃) ဘယ်မောင်းယာဉ်နှင့် ယာဉ်၏ ညာဘက်တွင် အတက်အဆင်းတံခါးပေါက် ပါရှိရမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ်တပ်ဆင်ထားရမည်၊
(၄) ယာဉ်ပေါ်မှာ ရှေးဦးသူနာပြုသေတ္တာပါရှိရမည်၊
(၅) ယာဉ်အတွင်း ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူးအနည်းဆုံး နှစ်ဘူး ပါရှိရမည်၊
(၆) ယာဉ်ဆေးအရောင်ကို အဝါရောင် သတ်မှတ်ပြီး ယာဉ်၏ အရှေ့အနောက်တွင် School Bus ဟူသော စာလုံးကို ထင်ရှားစွာ ရေးသားထားရမည်၊
(၇) ကျောင်းအမည်နှင့် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များကို ယာဉ်ဘေးတွင် ရေးသားထားရမည်။
(၈) ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ)ယာဉ်မောင်းလိုင်စင်ရရှိ ပြီးသူဖြစ်ရမည်။
(၉) ယာဉ်ကို အမြန်နှုန်း တစ်နာရီ ၄၀ ကီလိုမီတာ (၂၅ မိုင်) ထက် ပို၍မောင်းနှင် ခြင်းမပြုရန် ကန့်သတ်ထားရမည်။
(၁၀) အငှားယာဉ် (ကျောင်းကြိုပို့လုပ်ငန်းသုံးယာဉ်) အဖြစ် ဆောင်ရွက်ရမည်။
(၁၁) ကျောင်းသားများ၏ အသက် ၁၂ နှစ်နှင့်အထက်ဖြစ်ပါက လူကြီးထိုင်ခုံ သတ်မှတ်ပေးရမည်။
(၁၂) ကျောင်းသားများ၏ အသက် ၁၂ နှစ်အောက်ဖြစ်ပါက တပ်ဆင်ပါရှိသော ထိုင်ခုံအရေအတွက်သည် မူလလူကြီး ထိုင်ခုံအရေအတွက်၏ တစ်ဆခွဲထက်မပိုရသည့် အပြင် ထိုင်ခုံခါးပတ် အပြည့်အစုံပါရှိရမည်ဆိုတဲ့ အချက်ပေါင်း ၁၂ ချက် ဖြစ်ပါတယ်။
ကျောင်းကားခ အပြည့်အဝပေးထား
အချို့ပုဂ္ဂလိက ကျောင်းကားတွေဟာ ထိုင်ခုံတွေကျပ်ညှပ်နေပြီး ကလေးတွေအတွက် အဆင်မပြေပါဘူး။ ဒါ့အပြင် ကျောင်းကားခ ပေးချေရမှုတွေကိုလည်း တာဝန်ရှိသူတွေက ကြပ်မတ်သင့်ပါတယ်။ အထူးသဖြင့်ကတော့ ပုဂ္ဂလိက ကျောင်းသားတွေဟာ တစ်နှစ်တာ စာသင်နှစ် ကာလအတွင်းမှာ လစဉ်အလိုက် ကျောင်းကားခ အပြည့်အဝပေးထားပေမယ့် ကျောင်းလပတ် စာမေးပွဲရက်တွေ၊ နောက်ဆုံးနှစ်ကုန် စာမေးပွဲရက်တွေလို အရေးကြီးတဲ့ရက်တွေမှာ အကြိုအပို့ ပုံမှန်မလုပ်ပေးကြတာပါပဲ။
တာဝန်ရှိသူတွေ ကြပ်မတ်သင့်
အချို့ကျောင်းကားတွေက စာမေးပွဲရက်တွေမှာ အိမ်က ကျောင်းကိုပို့ပေးပေမယ့် ကျောင်းကအပြန် မကြိုပေးကြပါဘူး။ အဲဒီလိုစာမေးပွဲကာလတွေမှာ ကျောင်းသားမိဘတွေအတွက် ရင်ပူရတဲ့၊ သောကဖြစ်ရတဲ့ ရက်တွေပါပဲ။ ဘယ်သူကို ပြောပြရမလဲ မသိသလို တာဝန်ရှိသူတွေ ကြပ်မတ်သင့်ပါတယ်။ ကျောင်းသားမိဘတွေဟာ အဲဒီသောကကို ရင်စည်းခံနေကြရတာ နှစ်များစွာ ကြာနေပြီ ဖြစ်တာမို့ လာမယ့် ဇွန်လဆန်းမှာ စတင်ကြရတော့မယ့် ကျောင်းဖွင့်ရာသီနဲ့ ပညာသင်နှစ်တစ်လျှောက် မှာ ကျောင်းကားတွေ အဆင်ပြေစွာ ကြိုပို့နိုင်ရေး ဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
မြန်မာ့အလင်း