ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခံတွင်းကျန်းမာရေးလို့ပြောလိုက်ရင် တော်တော်များများပြေးမြင်တာက သွားနဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကိုမေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကိုမေ့မထားဖို့ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားစအာတွေကို မျိုချတာ၊ အရသာခံတာနဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးကနာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာရင် ဘာစားရမလဲဆိုတာကို ပြောပြပေးဖို့ပြောပါရစေ။

လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာကနာနေပြီဆိုရင်
လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာနေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။

နို့နဲ့နို့ထွက်ပစ္စည်းတွေ

လျှာနာတာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အက်ဆစ်နဲ့ ဆားဓာတ်နည်းနည်းပဲပါဝင်တာကြောင့် လျှာကို မအီမသာဖြစ်စေတာမျိုးမရှိပါဘူး။ နွားနို့က ခံတွင်းထဲကတံထွေးနဲ့ ဂုဏ်သတ္တိချင်းတူပြီး လျှာကိုကာကွယ်ပေးပါတယ်။ အေးတဲ့အစားအသောက်တွေက လျှာနာတာကို သက်သာစေနိုင်တာကြောင့် မသောက်ခင်မှာ နို့ကို ၁၀ မိနစ်ကနေ ၁၅ လောက် ရေခဲသေတ္တာထဲ ထည့်ထားပြီးမှသောက်ပါ။

သခွားမွှေး

လျှာနာနေတဲ့အခါ သခွားမွှေးက စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ ဝါးစားရမှာ လျှာနာတယ်ဆိုရင်တော့ ကြိတ်စက်ထဲထည့် ကြိတ်ခြေပြီးသောက်ပေးလို့ရပါတယ်။ သခွားမွှေးဖျော်ရည်ထဲကို နို့ ဒါမှမဟုတ် ဒိန်ချဉ်ရောစပ်ပြီး သောက်ပေးလို့ရပါတယ်။

အနီရောင် အသား

အနီရောင် အသား ကအက်ဆစ်ပါဝင်မှုနည်းပြီး ပရိုတင်း၊ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ်နဲ့ အခြားအာဟာရဓာတ်တွေပါဝင်တာကြောင့် လျှာနာတာကို သက်သာစေနိုင်သလို ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ အမွှေးအကြိုင်တွေသိပ်မထည့်မိဖို့တော့ သတိထားရပါမယ်။

ကြက်သား 

ကြက်သားမှာ ပရိုတင်း၊ပိုတက်ဆီယမ်နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို လျှာနာတာကို သက်သာစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးကလည်း လျှာနာတာကို သက်သာစေတဲ့ အာဟာရတစ်မျိုးပါ။ လျှာနာနေတဲ့အခါ သက်သာစေဖို့ စားပေးသင့်ပါတယ်။ ကြက်ဥကို အကာကြက်ပြုတ်ပြီး စားပေးလို့ရပါတယ်။

ပဲအမျိုးမျိုး

ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေတဲ့ ပဲအမျိုးမျိုးက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ ပဲကိုခပ်နူးနူးလေးချက်ပြီး အအေးခံလို့စားပေးပါ။

ဟင်းသီးဟင်းရွက်တွေ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ အာဟာရပြည့်ဝစွာပါဝင်သလို အရသာလည်းရှိတဲ့ ဟင်းနုနွယ်၊ အာလူး၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ်နဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ရပါတယ်။

စဉ်းစားသင့်တဲ့အချက်တွေ

လျှာနာတာကို တစ်ခါတလေမှာ ဘာမှသိပ်မဟုတ်တဲ့ ပြဿနာလို့ယူဆလို့ရတယ်ဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲကျန်နေတဲ့ လျှာနာတဲ့ ဝေဒနာကတော့ အာဟာရချို့တဲ့နေတာ ဒါမှမဟုတ် ကျန်းမာရေးပြဿနာ ကြီးကြီးမားမားခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့လျှာနာက အချိန်တော်တော်ကြာကြာမပျောက်ဘဲရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။ တကယ်လို့ လျှာရောင်တာက အရမ်းပြင်းထန်လာပြီး အသက်ရှုရခက်လာမယ် ဆိုရင်တော့ ချက်ချင်းဆေးကုသမှု ခံယူဖို့ပြောပါရစေ။

လျှာကိုသန့်စင်ဖို့လိုပါမယ်

လျှာကအမြင်မှာ ပြောင်ချောနေတယ်လို့ထင်ရပေမယ့် တကယ်တော့လျှာမျာ အဖုငယ်လေးတွေရှိနေပါတယ်။ လျှာက ဘက်တီးရီးယားတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဆိပ်ကမ်းလိုပါပဲ။ ဒါကြောင့် မနက်ခင်း အိပ်ရာထလို့ မျက်နှာသစ်၊ သွားတိုက်လုပ်တဲ့အခါ လျှာကိုပါ သန့်စင်ပေးဖို့ပြောပါရစေ။

လျှာမှာ ဘက်တီးရီးယားတွေရှိနေတာက ခံတွင်းနံ့ကို ဆိုးစေနိုင်သလို အရသာခံနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။  ဘက်တီးရီးယားတွေဟာ ခံတွင်းကနေတစ်ဆင့် အခြားအစိတ်အပိုင်းတွေဆီ ရောက်မသွားဖို့ဆိုရင် လျှာကို မဖြစ်မနေသန့်စင်ပေးဖို့လိုပါမယ်။ လျှာမှာ ဘက်တီးရီးယားတွေ အရမ်းများလာတဲ့အခါ လျှာက အဝါရောင်ပြောင်းတာမျိုး ဒါမှမဟုတ် အမွှေးတွေပေါက်နေသလိုမျိုး ညိုတိုတိုအရောင်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လျှာနာတာနဲ့ လျှာကနေတဆင့် ရောဂါပိုးတွေ ကိုယ်ထဲရောက်မသွားစေဖို့ သွားတိုက်တဲ့အခါ ခံတွင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှာကို မေ့မထားဖို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”