နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် မွန်းတည့်  ၁၂ နာရီတွင် လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိ (အောက်) ကျေးရွာအနီး၊ လားရှိုး- မိုင်းရယ်သွား ကားလမ်းတွင် အောင်ငြိမ်း (ခ) အိုက်ယာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၂၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ ကောင်းခါး ကျေးရွာအနီးတွင် အားတည် (ခ) ရန်ရှောက်တည် ကို စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြား၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ မော်တော်ယာဉ် ရပ်နားဝင်းအတွင်းရှိ မော်တော်ယာဉ်လိုင်းဂိတ်တွင် မူဆယ်မြို့မှ  မြစ်ကြီးနားသို့ ပို့ဆောင်မည့် ကတ်ထူပုံး တစ်ပုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၃,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခွဲတွင် ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက် ကျေးရွာအုပ်စု၊ မာကျိုင်းကျေးရွာအနီးတွင် လော်ဂို့ယာ မောင်းနှင်ပြီး လီဆာ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၇၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား