လားရှိုး   ဒီဇင်ဘာ   ၁၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ ဂျမိုင်ရွာဟောင်း ရေထွက်အား သွားရောက် ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်က ရှင်းလင်းပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား ပြုလုပ်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ် ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ နိုင်ငံသား စိစစ်ရေးကတ် ပေးအပ်ပွဲတွင် လားရှိုးမြို့အတွက် ၁၂၁၅ ကတ်၊ သိန်းနီမြို့အတွက် ၅၆၉ ကတ်၊ တန့်ယန်းမြို့အတွင် ၁၇၇၂ ကတ်၊ မိုင်းရယ်မြို့အတွင်၂၈၆ ကတ်၊ ကွမ်းလုံမြို့အတွက် ၂၄၉ ကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လားရှိုးတက္ကသိုလ် ဓမ္မာရုံတွင် ပြုလုပ်သော လားရှိုးတက္ကသိုလ် မိသားစု (၁၃)ကြိမ်မြောက် မဟာဘုံကထိန် ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြပြီး နယ်စပ် သာသနာပြု ပါရမီကျောင်းတိုက် သာသနဓဇမ္မာစရိယ၊ သဒ္ဒမ္မဇောတိက မဟာသဒ္ဒမ္မ ဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တ ကောဏ္ဍညထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ်ပူဇော်သည့် မေတ္တသုတ် ပရိတ်တရားတော်ကို နာယူကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အား လှူဖွယ်ပစ္စည်း၊ ကထိန် သင်္ကန်း၊ နဝကမဝတ္ထုငွေများ ဆက်ကပ်၍ ရေစက်သွန်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)