လားရှိုး ဇူလှိုင် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံးတွင် ထားရှိမည့် Oxygen Plant စက်ကြီးအတွက် လားရှိုးမြို့ခံ စေတနာရှင်များဖြစ်ကြသည့် ဦးကျော်ခင် + ဒေါ်ဂရေစီကော့နန် မိသားစု (လပ်ကီးရွှေဆိုင်) မှ အလှူငွေကျပ် သိန်း (၆၀၀) နှင့် ဦးထွန်းမြင့် + ဒေါ်လီကြူရင် (စင်ရယ်လုပ် လမုန့်တိုက်) မှ အလှူငွေကျပ် သိန်း (၆၀၀) စုစုပေါင်း ကျပ်သိန်း (၁၂၀၀) တိတိအား ငွေသားဖြင့် ဇူလိုင် (၂၃) ရက် နံနက်ပိုင်းက အဆိုပါအသင်းရုံး၌ လှူဒါန်းခဲ့ကြရာ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံးတွင် ထားရှိမည့် Oxygen Plant စက်ကြီးသည် ကွန်တိန်နာအမျိုးအစားဖြစ်ကာ တစ်နေ့လျှင် ၄၀ လီတာအိုးကြီး ၁၅၀ အထိ ခန့်မှန်းထားပြီး လတ်တလောကာလတွင် ကိုဗစ်-၁၉ ဝေဒနာ ခံစားနေရသည့် ဒေသခံ ပြည်သူများအတွက် ကူညီဖြည့်တင်းပေးသွားမည် ဖြစ်ကြောင်း၊ အဆောက်အဦအတွက် မြေနေရာကို ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးမောင်မြင့်က ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းကို အသင်ကြီး၏ ရာသက်ပန် နာယက ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ အောင်သန်းထွဋ် (ငြိမ်း) ၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ပရဟိတလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟန်ဌေး