လားရှိုး ဇူလိုင် ၃၁
လားရှိုးမြို့၌ စည်ပင်သာယာရေးဌာနပိုင်ဈေးများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဈေးတာဝန်ခံများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ ဇွန်လ ၂၃ ရက်နေ့မှစ၍ စည်ပင်သာယာရေးဌာနပိုင်ဈေးများကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ကြောင့် ယာယီပိတ်သိမ်းခဲ့ပြီး ဇွန် ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများ များပြားလာခြင်းကြောင့် လားရှိုးမြို့ကို Stay at home အဖြစ် သတ်မှတ်ကာ နယ်မြေကျော်လွန် သွားလာခြင်းမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက စီစဉ်ဆောင်ရွက်ခဲ့သည်။
ယခုအခါ ပြည်သူများ စားသောက်ရေးခက်ခဲမှုများ မဖြစ်စေရေးအတွက် ဩဂုတ် ၁ ရက်နေ့မှစတင်ကာ လားရှိုး မြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မဈေး၊ လားရှိုးကြီးဈေး၊ အောင်မင်္ဂလာဈေး တို့အား နံနက်ပိုင်းမှ မွန်းတည့် ၁၂ နာရီအထိသတ်မှတ်ကာ ဆန်ဆိုင်၊ ဆီဆိုင်၊ အသား/ငါးအရောင်းဆိုင်များ၊ ဆေးဝါးပစ္စည်း ဆိုင်များကို ကျန်းမာရေးဌာနကထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ရောင်းချနိုင်ပါကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်ထံမှ သိရသည်။
ဈေးရောင်းချသူများအနေဖြင့်လည်း သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက ဈေးရောင်းချခွင့် (၁)လပိတ်သိမ်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး


