လားရှိုး ၂၉ ဇွန်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့ပူးပေါင်းကာ တီထွင်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၂၉ ရက် နံနက်(၉)နာရီက လားရှိုးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်နှစ်ခုမှ ကျောင်းသားကျောင်းသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကူးစက်မှုကာကွယ်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးပြုသည့် ပစ္စည်းများ လျှော့ချစေရန် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တီထွင်ခဲ့သော ပစ္စည်းများကို မိုဘိုင်ဖုန်းတစ်ခုဖြင့်လည်း အသုံးပြုနိုင်ကြောင်း၊ ယင်းပစ္စည်းများ ထုတ်လုပ်အသုံးပြုခြင်းဖြင့် Covid-19 ရောဂါပိုးပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်၊ လူ့အသက် အန္တရာယ်ကာကွယ်ရာတွင် နည်းပညာအားဖြင့် အထောက်အကူပြုနိုင်ရန်၊ မျက်နှာကြက် နံရံ၊ ကြမ်းပြင် စသည့် မည်သည့်အခန်းများတွင်မဆို အဝေးထိန်းစနစ်ဖြင့် ပိုးသတ်ဆေးဖျန်းနိုင်ရန်၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ပိုးသတ်ဆေးနှင့် လူ့ခန္ဓာကိုယ်ထိတွေ့မှု နည်းပါးစေရန်နှင့် PPE ဝတ်စုံလျော့ချနိုင်စေရန်အတွက် တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးနည်းပညာတက္ကသိုလ်မှ တီထွင်သောပစ္စည်းများသည် Disinfection Chamber for COVID-19 (၃)လုံး၊ Remote Control Trolley forCOVID-19(၃)လုံး၊ Remote Control Spray Robert for COVID-19 (၁)လုံးပါဝင်ပြီး လားရှိုးကွန်ပျူတာတက္ကသိုလ်က အလိုအလျောက် အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆင်ဆာစနစ်ပါ အမှိုက်ပုံးများနှင့်COVID-19 ရောဂါကုသရေးလုပ်ငန်းနှင့်ပတ်သက်သည့် ဆောင်ရွက်နိုင်မည့် Softwares များပါဝင်ကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းအခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ဦးကျော်သူဇော်၊ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ လားရှိုးမြို့ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


