နေပြည်တော် မတ် ၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်း ကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ကျင်းပရာ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကလျာဏအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ဆရာတော်၊ သံဃာတော်များက အဆိုပါ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် စေနာရှင်အလှူရှင်များက အဆိုပါစေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားရှိုးမြို့ရှိ မဟာဗောဒါရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ နာရဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လားရှိုးမြို့ရှိ ဇမ္ဗူအေးစေတီ တပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တမထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်