နေပြည်တော်၊ ဧပြီ ၁၁

 

ရှမ်းပြည်နယ်  (မြောက်ပိုင်း) လားရှိုးမြို့ရှိ  သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် အမှူးပြုသည့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင်တော် အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိ စေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မိသားစုဝင်များ၊ ခရီးစဉ် တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ခရီးဦးကြိုနှုတ်ဆက်

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြရာ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြို နှုတ်ဆက်ကြသည်။

 

ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဓမ္မာရုံအတွင်းရှိ နှီးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။

 

ယင်းနောက် သီရိမင်္ဂလာဓမ္မ ရတနာ သုံးထပ်ကျောင်းဆောင် လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို အစီအစဉ်အရ စတင်ကျင်းပ ပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် တရားတော်များကို နာယူကြည်ညိုကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးထံသို့ ရတနာစိန်ဖူးတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်း ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

 

မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များ၊ အခမ်းအနားတက်ရောက် လာကြသူများက သီရိမင်္ဂလာဓမ္မ ရတနာသုံးထပ်ကျောင်းဆောင် သစ်အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်၏အထွတ်၌ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် ဌာပနာသွင်းလှူ ပူဇော်မည့် ဓာတ်တော်၊ မွေတော်များကို ဓမ္မာရုံတော်အတွင်းမှ မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်ကြပြီး မင်္ဂလာ ရထားပျံတော်ထက်သို့ ပင့်ဆောင်ပူဇော်သည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင် ဒေါက်တာ ကျော်ထွန်းတို့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် သီရိမင်္ဂလာဓမ္မ ရတနာ သုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ် ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်များ ဖြင့် ပက်ဖျန်းပေးကြသည်။

 

 

၎င်းနောက် မင်္ဂလာအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံ ဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

 

 

အမွှေးနံ့သာရည်များ ဖျန်းပက်ပူဇော်

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စူဠာမုနိစေတီတော်မြတ်အတွင်း ဌာပနာတော်သွင်းလှူ ပူဇော်မည့် ဓာတ်တော်မွေတော်များကို အမွှေးနံ့သာရည်များ ဖျန်းပက်ပူဇော်ကြသည်။

 

ယင်းနောက် စေတီတော်မြတ်အား လက်ယာရစ် လှည့်လည်ပူဇော်ကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီရိမင်္ဂလာဓမ္မရတနာ သုံးထပ် ကျောင်းဆောင်သစ်၊ ဘုရားခန်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး ဆွမ်းတော်တို့ကို ကပ်လှူပူဇော်သည်။

 

ထို့နောက် သီရိမင်္ဂလာဓမ္မ ရတနာ သုံးထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင် တော်ပေါ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူ ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် သပြေပင်ကို အမှတ်တရ စိုက်ပျိုးပေးကြသည်။

 

 

နေ့ဆွမ်းဆက်ကပ်

 

အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းလောင်းလှူခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

 

 

 ရှင်းလင်းတင်ပြ

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးလေဆိပ်သို့ ရောက်ရှိကြပြီး လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လားရှိုးလေယာဉ်ကွင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများ မြှင့်တင် ဆောင်ရွက်နိုင်မည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသမှ အဓိကကျသည့် လေယာဉ်ကွင်းတစ်ခုဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရှိ လေကြောင်းလိုင်းများ ပြေးဆွဲမှုကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

 

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးလေယာဉ်ကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စီမံကိန်းလုပ်ငန်းများအား ပွင့်လင်းရာသီကာလအတွင်း သတ်မှတ်ထားသည့်ကာလများအလိုက် လျာထားလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင် များသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာ့ရိုးရာ အတာသင်္ကြန်ရေများ ပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်