လားရှိုး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ၊ ဆင်းရွှေလီကဇာတ်ရုံ၌ နိုဝင်ဘာ ၆ ရက် ညနေ(၆)နာရီခန့်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရန်တိုင်းအောင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်တိုးက လားရှိုးမြို့ တန်ဆောင်တိုင်ပွဲတော်သမိုင်းအား ရှင်းလင်းတင်ပြခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှပါဝင်ကူညီခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ရန်တိုင်းအောင် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်ကျော်နှင့် Shinning Myanmar Co.,LTD မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်စွာထွဋ် တို့က လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်တောင်တိုင်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ မီးပုံးပျံခိုဖြူရုပ်(၃)ရုပ်၊ ဆင်ရုပ် (၂)ရုပ်၊ စိန်နားပန်မီးပုံးပျံ (၂)လုံး၊ ညမီးကြီးမီးပုံပျံ(၂)လုံး လွှတ်တင်ခြင်း၊ နိုင်ငံကျော်အဆိုတော်များက သီဆို ဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ကြပြီး လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက်မီးပုံပျံပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး