၁၀ စက်တင်ဘာ
လားရှိုးမြို့ ယဉ်ကျေးမှုပြတိုက် စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်ကတည်းက (ငါး)ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ပြသထားရှိခဲ့သည်။
၎င်းကျောက်ဖြစ်ရုပ်ကြွင်းအား စတင်တွေ့ရှိခဲ့သူမှာ ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ဦးဝါ(ခ)စောရွှေဝါဟု သိရှိရသည်။ ဦးဝါသည် လားရှိုးမြို့သားတစ်ဦးဖြစ်ပြီး အမဲလိုက်မုဆိုးဝါသနာပါသူတစ်ဦးဟု သိရှိရသည်။
“ကျွန်တော် ဒါတွေ စတွေ့တွေ့ချင်း အချိန်က နားမလည်ဘူး။ တွေ့တာတွေကို ထိန်းသိမ်းထားခဲ့တာ၊ တွေ့ရှိတဲ့သုံးခုထဲက ၆ လက်မခန့်ရှိတဲ့ ငါးရုပ်လေးတွေ့တဲ့ သူငယ်ချင်းကပြောလာတာကို သွားကြည့်ရင်း ရအောင်ယူပေးပါလို့ ပြောခဲ့တာပါ။ တောင်ကမြင့်၊ ကမ်းပါးယံဖြစ်နေတာနဲ့ မိုင်းခွဲပြီး ယူလိုက်တော့ ပျက်စီးသွားပြီး အကြေးခွံအကွက်လေးတစ်ခုပဲ ရှာရခဲ့တာကို သိမ်းထားပါတယ်။ ပြတိုက်ကို လှူဖို့ဆုံးဖြတ်ထားပါတယ်။ သတင်းစာမှာတွေ့တော့ သမိုင်းအမွေ အနှစ်ဖြစ်တယ်ဆိုတာ သိရတဲ့အချိန် အတော်လေးဝမ်းသာခဲ့ပါတယ်။ နှမြောမိတာက ပျက်စီးသွားတဲ့ငါးကျောက်ဖြစ် ရုပ်ကြွင်းလေးပါ၊ အခုတွေ့ခဲ့တဲ့ ၁၁-၂-၂၀၁၈ ရက်နေ့က ကျွန်တော့်ဖေ့စ်ဘုတ်မှာ တင်လိုက်တဲ့ ဒိုင်နိုဆောလိုအကောင်လေးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ မသိခဲ့ဘူး။ ဘူမိဗေဒပါမောက္ခဆရာမ ဒေါ်ခိုင်ခိုင်စန်းက လားရှိုးတက္ကသိုလ်မှာ ကျောင်းသားတွေကို ပြသလေ့လာနိုင်အောင်ထားရှိဖို့ ဆိုတာကနေပဲ စတင်ခဲ့တာပါ။ ရှမ်းမြောက်မှာ တွေ့တဲ့အရာလေးဆိုတော့ ရှမ်းမြောက်မှာ ထားရှိစေချင်တာပေါ့။ ကျွန်တော်တို့သာမက နောင်လာ နောက်သားတွေပါ ဂုဏ်ယူရတာပေါ့ဗျာ။”
“ဒါ့အပြင် စက်တင်ဘာ ၄ ရက်ကလည်း ကျောက်ဖြစ်ရုပ်ကြွင်း အမြီးပိုင်းတစ်ခုကို လားရှိုးပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးထံမှာ လှူခဲ့ပါသေးတယ်။ ဒိုင်နိုဆောရုပ်ကြွင်းရဲ့ အမြီးပိုင်းလို့ ခန့်မှန်းနေကြပါတယ်။ သေချာတာ မသေချာတာကတော့ ပညာရှင်တွေ ခန့်မှန်းဆန်းစစ်မှာပါ။
“ဒီကျောက်တောင်နေရာရဲ့ ဖွဲ့စည်းတည်ရှိနေပုံက တခြားနေရာနဲ့မတူဘူး။ ကျွန်တော်မုဆိုးအလုပ်လည်း ဝါသနာအလျောက် လုပ်ကိုင်ဖူးပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်း တွေ့တဲ့နေရာက တောင်တွေပတ်ပတ်လည်နဲ့ “ဂ” ပုံသဏ္ဌာန်ရှိပြီး မုဆိုးများအခေါ် သားကောင် ပျော်မြူးကျက်စား မိတ်ဖွဲ့တဲ့နေရာ အသိုက်လို့ပြောရမယ်။ ပတ်ပတ်လည် ကျောက်တောင်တွေရှိပြီး အဝင်လမ်းတစ်ခုပဲရှိပါတယ်။ ရှေးလူကြီးတွေရဲ့ ပြောပြခဲ့တဲ့စကားတွေအရ ဂျပန်ခေတ်စစ်ကျန်တင့်ကားတွေရှိခဲ့ဖူးတယ်လို့ သိရပါသည်။
“နှစ်သန်းပေါင်း ၂၀ဝ ကျော် သက်တမ်းရှိ ဒိုင်နိုဆောမျိုးနွယ်ဝင် ကျောက်ဖြစ်ရုပ်ကြွင်းလို့ ၂၀၁၈ ခုနှစ်မှာ သတင်းစာကနေစသိရတော့ တော်တော်လေးပျော်မိတာ၊ ဒို့နိုင်ငံမှာလည်း သမိုင်းဝင်နေရာတွေ အများကြီး ရှိနိုင်သေးတာပဲလို့တွေးမိခဲ့ပါတယ်” ဟု သူက ပြောသည်။
ကျောက်ဖြစ်ရုပ်ကြွင်းများ စတင်တွေ့ရှိရာနေရာသည် လားရှိုးမြို့လယ်မှ သုံးမိုင်ခွဲခန့်အကွာ လားရှိုးမြို့ ရပ်ကွက်-၁ ရဲဘော်ဟောင်း ကျောက်တောင်နယ်မြေ (၈)နေရာ၌ တည်ရှိသည်။ ယခုအချိန်တွင် ကျောက်ထုတ်လုပ်ငန်း၊ တောင်ယာစိုက်လုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေရာ ဒေသခံတို့တည်ရှိ လုပ်ကိုင်နေကြပြီး ရေထွက်ပင်ရင်းနေရာမရှိသော်လည်း တစ်နှစ်ပတ်လုံး ရေမခန်းသော သဘာဝရေအိုင်တစ်ခု တည်ရှိနေသည်။ ၎င်းရေအိုင်မှရေကို ရပ်ကွက်နေပြည်သူတို့က သောက်သုံးရေကန်တစ်ခုအဖြစ် အားထားသုံးစွဲနေကြောင်း၊ စည်ပင်သာယာရေးဌာနကလည်း လိုအပ်သည့် ရေကန်များကို တည်ဆောက်ပေးမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နယ်မြေ(၈)နေ ဦးဘသောင်း၏ ပြောပြချက်များအရ သိရသည်။ ။
သတင်းဆောင်းပါး - ဟန်ဌေး (လားရှိုး)