လားရှိုး ဇွန် ၂၆
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၆ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာကို လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်သူရက ဖတ်ကြားသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုမှ ပေးပို့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယို Clip ကို ပြသပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆုရကျောင်းသား ကျောင်းသူများအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ တက်ရောက်လာကြသူများသည် ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို အမှတ်(၁၂)ရပ်ကွက်၊ တာပုံကျေးရွာအုပ်စု၊ နားဖကျေးရွာအနီးရှိ ရဲသီဟ စိုက်ပျိုးရေးခြံတွင် ကျင်းပရာ အမှတ်(၆) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးသက်ထွန်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့မြေမြှုပ် ဖျက်ဆီးမည့်အခြေအနေကို ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဝင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်ခလုတ်နှိပ်မီးရှို့ဖျက်ဆီးပြီး ဓာတုပစ္စည်းများကို မြေကျင်းအတွင်း သွန်ချမြေမြှုပ်၍ ဖျက်ဆီးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


