လားရှိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့တွင်းရပ်ကွက်များ၊ စျေးများ၊ ကျေးရွာ အုပ်စုများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးပေးလျက်ရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် အမှတ်(၅)ရပ်ကွက်ရှိ အောင်မင်္ဂလာ စျေး၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို လားရှိုးမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်လျက် အဆိုပါစျေးရှိ စျေးသူစျေးသား (၂၀၀) တို့ကို စစ်ဆေးပေးခဲ့ရာ၌ အားလုံးတွင် ကိုဗစ်ပိုး မရှိ အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ လားရှိုးမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက စီစဉ်ဆောင်ရွက်နေသော ရပ်ကွက် ကျေးရွာများသို့ အရောက်ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးခြင်းများကို ရပ်ကွက်(၁၁)ရှိ နန္ဒဝန်တောရကျောင်း၊ နေတက်ဘုရားဘုန်းတော်ကြီးကျောင်း၊ ဟူမွန်ကျေးရွာအုပ်စုရှိ ဟူးမွန်ရွာ၊ မန်အိုင်ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိတို့အား စစ်ဆေးပေး လျက်ရှိနေကြောင်း သိရှိရသည်။
ဟန်ဌေး


