လားရှိုး ၂၁ မေ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာစီးပွားရေးဘဏ် ရှမ်းပြည်နယ် ဘဏ်ခွဲ(၂)၊ လားရှိုးမြို့၌ JICA Consultant Teamမှ JICA TSL Credit Appraisal On Job Training သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ပို့ချခဲ့ကြောင်း သိရသည်။
"JICA TSL ဆိုတာက ဂျပန်နိုင်ငံမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နေသော တောင်သူများအနက်မှ ပုံစံ(၇)မူရင်းကို ဘဏ်သို့အပေါင်ထားပြီး ရွှေ့ပြောင်းနိုင်သော/ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများကို အာမခံတင်သွင်းနိုင်သော တောင်သူများအား မိမိကြိုက်နှစ်သက်ရာ လယ်ယာသုံးပစ္စည်း စက်ကိရိယာများ ဝယ်ယူနိုင်ဖို့ ထုတ်ချေးတဲ့ငွေ ဖြစ်ပါတယ်၊ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တောင်သူလယ်သမားတွေ ချေးနိုင်ပြီး တောင်သူငယ်များကို ချေးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ဒေါ်ယဉ်နွဲ့ ပြည်နယ် မန်နေဂျာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောသည်။
တောင်သူလယ်သမားဦးကြီးများ အနေဖြင့် လယ်သမားဖြစ်သည့် သက်သေပုံစံ(၇)ရှိပါက ကာလရှည်ချေးငွေကို ချေးယူနိုင်မည်ဖြစ်သည်။ ချေးငွေများထုတ်ချေးလိုသော တောင်သူများသို့ JICA TSL ချေးငွေများ ပိုမိုအဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်ဘဏ်ခွဲများမှ အရာထမ်း၊အမှုထမ်း စုစုပေါင်း ၂၀ ဖြင့် မေလ(၂၁)ရက်မှ ၂၄ ရက်နေ့အထိ JICA Consultant Team မှ ပို့ချပေးသွားမည်ဖြစ်သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း အနေဖြင့် မြို့နယ်(၅)ခုရှိ တောင်သူ ၄၃ ဦးသို့ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစပြီး Jica Two Step Loan ချေးငွေဖြင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် ချေးငွေကျပ် (၁၇၄၃.၇၉)သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရပြီး သင်တန်းသားများ အနေဖြင့် သတ်မှတ်ထားသော ချေးငွေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြည့်စွက် ရမည့်ပုံစံများ၊ ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ဆောင်ရွက်နိုင်စေရေးအတွက် ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အနေဖြင့် လယ်ယာမြေများထက် တောင်ယာမြေက ပိုမိုများပြားစွာရှိနေပြီး လားရှိုးမြို့နယ်အနေဖြင့် ပုံစံ(၇)ရရှိမှု(၅၈.၇၂ %)ရှိနေပြီး ကျောက်မဲမြို့နယ်အနေဖြင့် ပုံစံ(၇)ရရှိထားမှု ၃၆ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)