လားရှိုး ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် “ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်” ဗီနိုင်းပါယာဉ်ဖြင့် ပြည်သူများအား အသိပညာပေးကြေညာစာများ ထုတ်ပြန်ထားပြီး ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းမှစ၍ လိုက်လံဆော်ဩလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့တွင်း မော်တော်ယာဉ် မောင်းနှင်သွားလာအသုံးပြုသော မိဘပြည်သူများအနေဖြင့် လမ်းမများပေါ်တွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ ခရီးသည် တက်/ဆင်း ပြုလုပ်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်ကြောင်း၊ မော်တော်ယာဉ်များ ရပ်တန့်မည်ဆိုပါက “ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်” ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ၊ အခန်း(၁၀)ပါ ပုဒ်မ(၂၉၇)(က) ပြဌာန်းချက်များအတိုင်း လိုက်နာရန်လိုအပ်ကြောင်း စသည့် အချက်များပါရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းမရှိသော မော်တော်ယာဉ်များအား မတ်လ ၁ ရက်နေ့တွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)