လားရှိုး ၂၆ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊လားရှိုးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် နွေရာသီကာလ ရေပြတ်လပ်မှုမရှိစေရန် ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ရွာတွင် ရေရရှိရေးလုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
"ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသတွေမှာ သန့်ရှင်းတဲ့ သောက်သုံရေရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးတဲ့ကျေးရွာတွေကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်တွေ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ကျေးရွာမှတင်ပြတောင်းဆိုလာမှုတွေကို ဦးစားပေးရွေးချယ်ပြီး လုပ်ဆောင်နေပါတယ်" ဟု မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်က ပြောပြသည်။
လားရှိုးမြို့နယ်အတွင်း သောက်သုံးရေရရှိရေးအတွက် ကျေးရွာ ၁၆ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ၁၀ ခု၊ စိမ့်စမ်းရေသွယ်ယူခြင်းနှင်ဆက်စပ်လုပ်ငန်း ငါး ခု နှင့် အခြားရေရရှိရေးလုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း ၁၆ ခု ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သန်း၂၈၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အဆိုပါကျေးရွာ ၁၆ ရွာရှိအိမ်ခြေ ၁၈၉၅ အိမ်၊ လူဦးရေ ၉၃၅၂ ဦးတို့၏ သောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်ကြာင်းလားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။
ဖြိုးထက်အောင်(ပျော်ဘွယ်)


