လားရှိုး မေ ၈

လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၁၅) လမ်းမတော်လမ်း မြို့မရဲစခန်း၊ ရဲသူရိန်ခန်းမ၌ မေ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမြို့ပေါ်ရပ်ကွက်များမှ လုယက်ခံရသော မော်တော်ဆိုင်ကယ်များအား ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးဗညားဦးက မော်တော်ဆိုင်ကယ် ပိုင်ရှင်များအား တွေ့ဆုံစကားပြောကြားပြီး ပိုင်ရှင်စုံစမ်းရရှိသည့် ဆိုင်ကယ်(၁၁)စီးကို ပိုင်ရှင်အသီးသီးတို့ထံ ပေးအပ်ခဲ့သည်။

ထို့ပြင် ဆိုင်ကယ်လုယက်မှုများမှ တာဝန်သိ သတင်းပေးသူများကိုလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပိုင်ရှင်စုံစမ်း၍မရသေးသော ဆိုင်ကယ်များအား လုယက်ခံရသူများ၊ ပျောက်ဆုံးသူများအနေဖြင့် လားရှိုးမြို့ရဲစခန်း၌ လာရောက်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

ဟန်ဌေး