လားရှိုးမြို့ရှိ နမ့်ကျန်ရေလှောင်တစ်မံအတွင်း ရေနစ်ပျောက်ဆုံးသူအား ပြန်လည်တွေ့ရှိ

လားရှိုး  ၂၄ မေ


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နမ့်ကျန်ရေလောင်တမံတွင်  မေလ ၂၃ ရက်က အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် အဆိုပါ အမျိုးသားအား သေဆုံးလျက် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။


လားရှိုးမြို့ နမ့်ကျန်ကျေးရွာ(နမ့်စန်ကျေးရွာ)အနီးရှိ နမ့်ကျန် ရေလှောင်တမံတွင် မေ ၂၃ ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်က   အမျိုးသား(၅)ဦး ပါဝင်သည့် အဖွဲ့သည် လာရောက်အနားယူနေစဉ် ၎င်းတို့ အဖွဲ့ထဲမှ ရပ်ကွက် (၁)၊ ကျောက်တောင်ရပ်နေသူ ကိုဇော်မင်းလက်( ၃၉)နှစ်မှာ ရေနစ်ပျောက်ဆုံးသွားခြင်းကြောင့် မီးသတ်အဖွဲ့ဝင်များနှင့်အတူ လားရှိုးလူငယ်များပရဟိတအဖွဲ့မှ ရေနစ်ပျောက်ဆုံးနေသူကို ကူညီရှာဖွေပေးခဲ့ကြောင်း သိရသည်။  

 

1


နမ့်ကျန်ရေလှောင်တမံအတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း အလယ်တန်းကျောင်းသူတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုရှိခဲ့ပြီး လားရှိုးမြို့နယ်အတွင်းရှိ ဟူးမွန်ရေလှောင်တမံ၊ ဟူးမွန်ရေလွှဲဆည်၊ ကောက်ကွေ့ ရေလှောင်တမံနှင့် နမ့်ကျန်ရေလှောင်တမံ စသည်တို့၏ နယ်နိမိတ်အတွင်း ရေမကူးရ၊ ငါးမမျှားရ၊ မူးယစ်ဆေးဝါးနှင့် အရက် သေစာ သောက်စား၍ ရေကစားခြင်းမပြုရ စသည့် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်းဆည်မြောင်းနှင့်ရေအရင်းမြစ်စီမံခန့်ခွဲရေးဦးစီးဌာန (လားရှိုး)ရှိ တာဝန်ရှိသူထံက သိရသည်။


ဟန်ဌေး(လားရှိုး)

 

1