လားရှိုး ၁၂ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ ခန်းမသစ်၌ တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တက်ရောက်ခဲ့သည်။

အခမ်းအနား၌ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်မြောက်ပိုင်း တက်ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ်၌ ဆုရှိကြသူများအား ဆုများကိုပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြသော လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်မြောက်ပိုင်း တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ် ကျင်းပခြင်း၌ တက္ကသိုလ် ကောလိပ်များမှ ကျောင်းသားကျောင်းသူ (၅၁) ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)
