လားရှိုး  ၁ စက်တင်ဘာ

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အခြေခံ အိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၈၀)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

 

806

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက အခြေခံသင်တန်း ထူးချွန်ဆုများကို ပေးအပ်ပြီး ပြည်နယ် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးအောင်ထွဋ်မှ အဆင့်မြင့်သင်တန်း  သင်တန်းထူးချွန်ဆု ရရှိသူများကို အပ်ချုပ်စက် တစ်လုံးစီချီးမြှင့်ခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

သင်တန်းတွင် အမျိုးသမီးငယ်များကို စာရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်း အစုံအလင် ထောက်ပံ့ပြီး စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းပြီးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းကျောင်းအနေဖြင့် ယနေ့အချိန်အထိ အခြေခံအိမ်တွင်းမှုသင်တန်း ပြီးဆုံးသူ (၃၇၉၅)ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်း ပြီးဆုံးသူ(၈၀၆)ဦး၊ စုစုပေါင်း (၄၆၀၁)ဦးအနက်မှ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း ပြုနိုင်မှု (၂၃၅၄)ဦးရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံအိမ်တွင်းမှု သင်တန်းသူ (၇၄)ဦး အဆင့်မြင့် စက်ချုပ်သင်တန်းသူ (၃၆)ဦး စုစုပေါင်း သင်တန်းသူ(၁၁၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၄)ပတ်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)