လားရှိုး၊ ၅ ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုအခြေအနေများကြောင့် လားရှိုးမြို့အတွင်း ရောင်းချခွင့် ယာယီပိတ်ထားခဲ့သော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို သက်ဆိုင်ရာက ပထမဦးဆုံးအကြိမ် ကွင်းဆင်း စစ်ဆေးခဲ့သည်။  ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၏ သတ်မှတ်စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီသည့် (A) အဆင့်ရ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် (၂၈)ဆိုင်ကို ဒီဇင်ဘာ ၅ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းထံမှ  သိရသည်။

 

သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော  အချက်အလက်များနှင့် ကိုက်ညီမှုရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ပထမဦးဆုံးအဖြစ် ခွင့်ပြုသတ်မှတ်ပေးခဲ့ပြီး လားရှိုးမြို့အတွင်းရှိ ကျန်ရှိနေသေးသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆိုင်များကိုလည်း ပြန်လည်ရောင်းချခွင့်များ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)