လျှာရင်းမြက်သည့် … သပြုသီးငါးပိချက်

၁၂ ဇူလိုင်

 

သပြုသီးကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့၌ ဟင်းလျာအဖြစ် အများဆုံးစားသုံးလေ့ ရှိသည်ကို တွေ့ရသည်။ သပြုသီးမှာ ရာသီပေါ်မိုးရာသီ သီးနှံဖြစ်ပြီး မိုးဦးကျမေလမှစတင်တွေ့ ရှိနေရပြီဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သပြုသီးကို ငါးဖြင့် ချဉ်ရည်ချက်လေ့ရှိကြသည်။ သပြုသီးပေါ်ချိန်၌ ငါးရံ့ကို ကွင်း၍ သပြုသီးနှင့်ချက်သည့် သပြုသီးငါးရံ့ ချဉ်ရည်ဟင်းမှာ နာမည်ကြီးပြီး လူကြိုက်များသည်။

 

မွန်ပြည်နယ်ဘက်တွင်မူ သပြုသီးကို အချဉ်ဟင်းချက် ရုံမျှမက ငါးပိချက်လည်း ချက်ကြပါသည်။ သပြုသီး၏ အချဉ် အရသာသည် မရမ်းသီး၊ သရက်သီးနှင့် မန်ကျည်းသီးများ ကဲ့သို့ အချဉ်မစူးဘဲ အချဉ်ပြေပြေအရသာရှိသည်။ သပြုသီးငါးပိချက်မည်ဆိုက ဟင်းခတ်အဖြစ် မျှင်ငါးပိနှင့် ပုစွန်ခြောက်(သို့မဟုတ်) ငါးအစိုဖြင့်လည်း ချက်ကြပါသည်။

 

သပြုသီးမှာ လုံးဝန်းသောပုံရှိပြီး အခွံအဖတ် အထပ်ထပ် အုပ်ထားသော အသီးမျိုးဖြစ်၏။ အင်္ဂလိပ်ဘာသာ အားဖြင့် elephant apple ဟု သိကြသည်။ ဟင်းချက်မည် ဆိုက အသီးအညှာဘက်မှ ဓားထက်ထက်ဖြင့် နှစ်ခြမ်းခြမ်းကာ လေးစိတ်စိတ်ပါ။ သို့မှ အခွံအဖတ်များကို အလွယ်တကူ ခွာနိုင်မည်ဖြစ် သည်။ အပေါ်ယံအခွံမာကို ဖယ်ပြီး နုသော အခွံဖတ်များကို ရေအနည်းငယ်ဖြင့်ပြုတ်ပါ။ အခွံဖတ်များမှာ နူးလွယ်၍ သင့်ရုံသာပြုတ်ကာ အနေတော် အစိတ်လေးများ စိတ်၍ အသင့်ပြင်ထားပါ။

 

ပြီးက ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်ညက်ထောင်း၊ မျှင်ငါးပိအရည်ဖျော်ကာ ငရုတ်သီးစိမ်း တောင့်များကို ထက်ခြမ်းခြမ်းပါ။ အားလုံးအသင့်ဖြစ်က ငရုတ်ကြက်သွန်ထောင်းပြီးသား အရောကို ဆီသတ်ကာ သပြုသီးစိတ်လေးများထည့်၍ အနှံ့မွှေ၊ အဖုံးအုပ်တည်ပါ။ ဟင်းအိုးဆီပြန်လာက မျှင်ငါးပိအရည်ဖျော်ကို လောင်းကာ ပုစွန်ခြောက်မှုန့်များ ထည့်မွှေပါ။ ပုစွန်ခြောက်အစား ငါးပြုတ်ကို နွှင်၍လည်း ထည့်နိုင်သည်။ ဖိုတွင် သပြုသီး အဖတ်လေးများကြေအောင် မွှေပေးပါ။ ဟင်းအိုးဆီနာနာ ပြန်လာက အချိုအငန်မြည်းကာ ငရုတ်သီးစိမ်းတောင့် ခွဲခြမ်းများ အုပ်ပြီး ဖိုမှချကာ စားသုံးနိုင်ပါပြီ။

 

သပြုသီးငါးပိချက်အရသာသည် အချဉ်မစူးဘဲ အချဉ် ပြေပြေနှင့် ချဉ်ချဉ်ဖန်ဖန် အရသာကဲသည့် ခံတွင်းတွေ့စရာ အမယ်သစ်ဟင်းလျာအဖြစ် ဖော်ပြလိုက်ရပါသည်။

 

စံလွင်(ငါးဦးစီး)