ရန်ကုန် ဒီဇင်ဘာ ၁၉

အလုပ်သမားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၄၈) U-10 ရပ်ကွက်၊ ဆောင်ဆန်းသူရိယ လှသောင်းလမ်း၊ အမှတ် (၉) ရှိ Labour Asia Training Centre ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ်  သင်တန်းကျောင်းတည်ထောင်ထားရှိမှု ၊ လုပ်ငန်း အထောက်အကူပြု အင်္ဂလိပ်စာသင်တန်းနှင့် ဂျပန်စကားပြောသင်တန်းပို့ချနေမှု၊ ဂဟေဆက်သင်တန်းများ လက် တွေ့စာတွေ့ပို့ချနေမှုများကို ကြည့်ရှုအားပေး၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်း၏ ရှေ့ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှု သင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရေး ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချနိုင်ရန် အလေးထားသင် ကြားပေးရေး ဟိုတယ်ဝန်ဆောင်မှု စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ အစားအစာချက်ပြုတ်ပြင်ဆင်မှု သင်တန်းများကို တိုးချဲ့သင်ကြားပေးရေး၊ အရည်အချင်းပြည့်မီသော သင်တန်းဆင်းများ ဖြစ်စေရန် ကြီးကြပ် ဆောင်ရွက်ပေးရေး မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ် (၁၅၄၂) ရှိ Yun Nadi Oo Vocational Training Center သို့ သွားရောက်ပြီး အခြေခံ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် အဆင့်မြင့်မော်တော်ယာဉ်စက်ပြင် သင်တန်းများ ဖွင့်လှစ် ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသားများကို တွေ့ဆုံအား ပေးစကားပြောကြား၍ NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ဦးစီးဌာနမှ အသိအမှတ် ပြုထားပြီးဖြစ်ရာ Assessment Center တည်ထောင်ရန်နှင့် ကျွမ်းကျင်သော မော်တော်ယာဉ် စက် ပြင်လုပ်သားများ ပိုမိုမွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်